မြန်မာနိုင်ငံမှာ လက်ရှိကျင့်သုံးနေတဲ့ စာမေးပွဲစစ်ဆေးတဲ့စနစ်ကို ပြုပြင်ပြောင်းလဲနိုင်ဖို့ အကောင်အထည်ဖော်ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးကွန်ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ပြည်ပပညာရှင်တွေနဲ့ တနင်္ဂနွေနေ့က ဆွေးနွေးပွဲကျင်းပခဲ့ပါတယ်။
ရမှတ်ကို အဓိကထားပြီး အလွတ်ကျက်ဖြေဆိုနေကြတဲ့ စာမေးပွဲစစ်ဆေးတဲ့စနစ်ကနေ သင်ယူမှုကို ထိထိရောက်ရောက်အားပေးတဲ့စနစ်ကို ပြောင်းလဲဖို့ဆွေးနွေးကြတယ်လို့ ကွန်ရက်အဖွဲ့ဝင် ဒေါက်တာသိန်းလွင်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လက ရန်ကုန်မြို့၊ ခဝဲခြံမျက်မမြင်ကျောင်းမှာကျင်းပခဲ့တဲ့ ပညာရေးပြုပြင်ပြောင်းလဲရေး ညီလာခံကနေရရှိလာတဲ့ ဆွေးနွေးအကြံပြုချက်တွေထဲက စာမေးပွဲစနစ်နဲ့ပတ်သက်ပြီး ဆွေးနွေးကြတာ ဖြစ်ပါတယ်။
ဒီကနေ့ဆွေးနွေးပွဲက ရရှိလာတဲ့ အကြံပြုသုံးသပ်ချက်တွေကို လက်တွေ့လုပ်ငန်းခွင်မှာ ဝင်ရောက်လုပ်ကိုင်နေကြတဲ့ ဆရာ၊ ဆရာမတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစားသွားမယ်လို့လည်း သိရပါတယ်။