Mr. John McCain ဟာ ဗဟို အလုပ်အမှုဆောင် အဖွဲ့နဲ့လည်း တွေ့ဆုံဖို့ အစီအစဉ် ရှိတယ်လို့ NLD ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။
Mr. McCain ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း မသိရသေးသလို သမ္မတသစ် ဦးသိန်းစိန် အပါအဝင် အစိုးရ အဆင့်မြင့် တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ တွေ့မတွေ့လည်း မသိရသေးပါဘူး။
မဇ္ဈိမ အွန်လိုင်းသတင်းမှာတော့ Mr. McCain ဟာ နေပြည်တော်ကို သွားရောက်ပြီး နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အပါအဝင် အာဏာပိုင်တွေနဲ့ တွေ့ဆုံဖွယ် ရှိတယ်လို့ သံတမန် သတင်းရပ်ကွက်ကို ကိုးကား ဖော်ပြထားပါတယ်။
Mr. John McCain ဟာ ၁၉၈၈ ခုနှစ်ကစပြီး ၂ဝ၁ဝ ထိ တိုင်းပြည်ကို အုပ်ချုပ်လာခဲ့တဲ့ မြန်မာ စစ်အစိုးရကို အဝေဖန်ဆုံး အမေရိကန် အထက်လွှတ်တော် အမတ်တဦး ဖြစ်ပါတယ်။ ၂ဝဝ၈ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ Republican ပါတီ သမ္မတလောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒီမိုကရက်ပါတီက သမ္မတလောင်း အိုဘားမားကို အရေးနိမ့်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အစိုးရသစ် တက်လာပြီးနောက် အမေရိကန် ပြည်ထောင်စုက အဆင့်မြင့် ပုဂ္ဂိုလ်တွေ မြန်မာနိုင်ငံကို လာရောက်ခဲ့ကြရာမှာ အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Joseph Yun ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ဒုတိယအကြိမ် ရောက်ရှိလာပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့အပြင် နိုင်ငံခြားရေး ဝန်ကြီးနဲ့လည်း တွေ့ဆုံခဲ့ပြီး မြန်မာအစိုးရအပေါ် အမေရိကန်က ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေ ပယ်ဖျက်ဖို့ မစဉ်းစားခင် ထင်ရှားသိသာတဲ့ အပြောင်းအလဲတွေ မြင်တွေ့လိုကြောင်း ပြောဆိုခဲ့ပါတယ်။