ငြိမ်းချမ်းရေး တကယ်လိုချင်မှ ရမယ်လို့ ရှမ်းပြည်နယ် ဝန်ကြီး ချုပ်ပြော

လက်နက်ကိုင်အဖွဲ့အစည်းတိုင်းက ငြိမ်းချမ်းရေးကို လိုချင်မှသာ ပြည်တွင်းစစ်ပြဿနာတွေ ရပ်စဲသွားမှာဖြစ်တယ်လို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် က ပြောပါတယ်။

မနေ့က လားရှိုးမြို့ အန်အယ်လ်ဒီပါတီရုံးမှာ ပါတီဝင်တွေနဲ့ တွေ့ဆုံစဉ် ရှမ်းပြည်နယ်အတွင်းက စစ်ဘေး ဒုက္ခသည်တွေ၊ တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းရာမှာ ပြည်နယ်ဝန်ကြီးချုပ် က ဖြေကြားခဲ့တာဖြစ်ပါတယ်။

"တကယ်တမ်းဒုက္ခရောက်တဲ့သူကို ကျနော်တို့က ကယ်တင်လိုက်၊ နောက်ကျရင်ပြန်ဖြစ်လိုက်၊ အဲ့တော့ ကျနော်တို့အမျိုးသားဒီမိုကရေစီအဖွ့ဲချုပ်ရဲ့ကာလမှာ ကျနော်တို့တကယ်လုပ်ရမှာကတော့ စစ်မှန်တဲ့၊ လူထုအားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေး ပန်းတိုင်ကို ကျနော်တို့အရောက်လှမ်းကိုင်နိုင်မှာသာ ဒီပြဿနာကြီး က နောက်ဆိုပေါ်ပေါက်လာခြင်းမရှိဘဲနဲ့ ပြေငြိမ်းသွားမယ်လို့ ကျနော်တို့ကယူဆပါတယ်၊ အဖွဲ့အစည်း တိုင်း လက်နက်ကိုင်တိုင်းက ငြိမ်းချမ်းရေး ကို မြတ်နိုးကြစေချင်ပါတယ်၊ အားလုံးမြတ်နိုးလာရင်၊ အားလုံးငြိမ်းချမ်းရေးကို တောင်းဆိုလာရင် ဒီငြိမ်းချမ်းရေးဟာ ကျနော်တို့လက်တစ်ကမ်းမှာ မကြာခင် တွင်း ရရှိလာမယ်လို့ထင်မြင်ပါတယ်"

လားရှိုးမြို့ အန်အယ်လ်ဒီ ပါတီရုံးခန်းမှာ ပါတီဝင်တွေနဲ့ တွေ့ဆုံစဉ် တက်ရောက်လာသူတွေက လယ်ယာမြေပြဿနာတွေ၊ သံလွင်မြစ်မှာ တည်ဆောက်နေ တဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ကြပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် ဦးဆောင်တဲ့ ပြည်နယ်အစိုးရအဖွဲ့ဟာ လားရှိုးမြို့ မြို့တော်ခန်းမမှာ အစိုးရဝန်ထမ်းတွေ၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်အဖွဲ့ အစည်းတွေနဲ့လည်းတွေ့ဆုံရာ ဒေသခံတွေက မန္တလေး-မူဆယ်လမ်းပိုင်းမှာ ယာဉ်ပိတ်ဆိ့ုမှုပြဿနာ၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်းလမ်း ဖောက် လုပ်နိုင်ရေး၊ သိမ်းယူခံထားရတဲ့ လယ်ယာမြေပြဿနာတွေကို ဖြေရှင်းပေးရေး၊ လားရှိုးမြို့မှာ ဗိုလ်ချုပ်ကြေးရုပ်ထားရှိနိုင်ရေးတို့ကို တင်ပြခဲ့ကြပါတယ်။

အဲ့ဒီတင်ပြချက်တွေနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်က မြေယာပြဿနာတွေအတွက် အရင်အစိုးရ လက်ထက်က ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုအဆင့် လယ်ယာမြေစီမံ ခန့်ခွဲမှုကော်မတီကို ဖျက်သိမ်းထားပြီး အသစ်ပြန်လည်ဖွဲ့စည်းမှာဖြစ်တဲ့အတွက် စိတ်ရှည်သည်းခံကြဖိုနဲ့ သံလွင်မြစ်က ရေအားလျှပ်စစ် စီမံကိန်းတွေနဲ့ပတ်သက် ပြီးလည်း စုံစမ်းစစ်ဆေးမှုတွေဆောင်ရွက်နေတယ်လို့လည်း ပြောခဲ့ပါတယ်။