ကချင်ပြည်နယ်မှာ နေထိုင်တဲ့ ရှမ်းမျိုးနွယ်စုတွေရဲ့ ငြိမ်းချမ်းရေး၊ စီးပွားရေးစတဲ့ အရေးကိစ္စတွေ အားလုံးအတွက် တာဝန်ယူ ဖြေရှင်းပြောဆိုနိုင်ဖို့ အတွက် ဒီကနေ့ မြစ်ကြီးနားမြို့၊ ဝန်းသိုကျောင်းတိုက် မှာ ကိုယ်စားလှယ် ၁၅ ဦးပါတဲ့ ကော်မတီတစ်ရပ် ဖွဲ့စည်းလိုက်ပါတယ်။
ဒီလို ဖွဲ့စည်းလိုက်တာနဲ့ ပတ်သက်ပြီး အဲ့ဒီကော်မတီမှာပါဝင်တဲ့ တာလောကြီးကျေးရွာက ဦးစန်းဝေက RFA ကို အခုလို ပြောပါတယ်။
"ဒီကချင်ပြည်နယ်အတွင်းဆိုပေမယ့် ကျနော်တို့ရှမ်းတွေက အများဆုံးနေထိုင်ကြတာ ဆိုတော့ ဒီနေရာမှာ အများဆုံးကို မြေစာပင်အဖြစ် ခံနေရတာ ကျနော်တို့ရှမ်းလူမျိုးတွေက အများဆုံးဖြစ်တဲ့အတွက်ကြောင့်မို့ ကျနော်တို့ရဲ့ရှမ်းအရေးကို တာဝန်ယူပြီးတော့မှ လွှတ်တော်မှာသော်၎င်း၊ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့အဖွဲ့မှာသော်၎င်း ဒါကိုကျနော်တို့ကနေပြီးတော့မှ စုစုစည်းစည်းနဲ့ ကျနော်တို့ဖြစ်စေချင်တာလေးကို ပြောနိုင်ဖို့အတွက် ဒီအဖွဲ့ကိုဖွဲ့ရခြင်းဖြစ်ပါတယ်"
ဒီကနေ့ အစည်းအဝေးမှာ ရှမ်းမျိုးနွယ်စုငါးမျိုးဖြစ်တဲ့ တိုင်းလိုင်၊ တိုင်းခန္တီး၊ တိုင်းလုံ၊ တိုင်းဆာ၊ တိုင်းမောင်း စတဲ့ ရှမ်းမျိုးနွယ်စုတစ်ခုစီက ကိုယ်စားလှယ်သုံးဦးစီပါတဲ့ ရှမ်းမျိုးနွယ်စုများရေးရာကော်မတီ(ကချင်ပြည်နယ်)ကို ဖွဲ့စည်းလိုက်တာပါ။ အဲဒီကိုယ်စားလှယ် ၁၅ ဦးထဲကမှာ ဗဟိုအလုပ်မှုဆောင်ကော်မတီကို ဆက်လက်ဖွဲ့စည်းသွားမယ်လို့ သိရပါတယ်။
ဒီကနေ့ အစည်းအဝေးကို ကချင်ပြည်နယ် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနဲ့ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းမြင့်ကျော်တို့ အပါအဝင် မြစ်ကြီးနား၊ တာလောကြီး၊ ဝိုင်းမော်၊ မိုင်းနားစတဲ့ မြို့ရွာတွေက ရှမ်းမျိုးနွယ်စု ကိုယ်စားလှယ် အယောက်ငါးဆယ်ကျော် တက်ရောက်ခဲ့ပါတယ်။