ပြီးခဲ့တဲ့မတ်လက ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး အဖွဲ့နဲ့ KIO တို့ ရွှေလီမြို့မှာ ငြိမ်းချမ်းရေးဆွေးနွေးခဲ့ကြပြီး နောက်ပိုင်း ရှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ (၄) နယ်မြေအတွင်း အစိုးရတပ်တွေနဲ့ KIA တပ်တွေ နေ့စဉ်ဆိုသလို တိုက်ပွဲတွေဖြစ်နေတယ်လို့ KIA တပ်မဟာ (၄) တပ်မှူး ဗိုလ်မှူးကြီး ဇော်ရော်က ပြောပါတယ်။
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်၊ တာမိုညဲ၊ နမ္မတူ မြို့နယ်တွေအပြင်၊ နမ္မတူနဲ့ နမ့်ဆန်ကြားဒေသတွေမှာလည်း တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး တပ်မဟာ (၄) တပ်မှူး ဗိုလ်မှူးကြီးဇော်ရော်က အခုလိုပြောပါတယ်။
“ဟုတ်ပါတယ်၊ နေ့တိုင်းပစ်နေတာပါ၊ အမြဲလိုက်ပြီးတော့ ထိုးစစ်ဆင်နေတာ၊ ကျွန်တော်တို့တစ်ဖွဲ့တည်းကို ထိုးတာမကပဲနဲ့ ပလောင်ရော၊ ရှမ်းရောအကုန်လုံးကို တစ်ပြိုင်တည်း ထိုးစစ်ဆင်နေတာ၊ ကချင်ကိုနားထားပြီးမှ ရှမ်းပြည်ဘက်ကို ပြန်ဦးလှည့်လာတာလားလို့”
KIA တပ်မဟာ (၄) နယ်မြေတွေအပြင် SSA မြောက်ပိုင်းတပ်တွေနဲ့ ပလောင်တပ်တွေကိုပါ အစိုးရတပ်က ထိုးစစ်ဆင်နေတယ်လို့ ဗိုလ်မှူးကြီးဇော်ရော်က ပြောပါတယ်။
တိုက်ပွဲတွေကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရာမှာ လာရှိုးနဲ့ တန်ယန်းမြို့တွေဘက်ကို ပြေးသူတွေရှိသလို၊ တရုတ်ပြည်နယ်စပ်ဘက်ကို ထွက်ပြေးသူတွေလည်း အများအပြား ရှိနေပါတယ်။ တပ်မဟာ (၄) ဒေသရဲ့ အောက်ပိုင်းမှာ မြန်မာပြည်ကိုဖြတ်ပြီး တရုတ်ပြည်ဘက်ကို သွယ်တန်းနေတဲ့ ဓါတ်ငွေ့ပိုက်လိုင်းရှိနေပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ဗိုလ်မှူးကြီးဇော်ရော်ကို ဦးတင်အောင်က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
