နောက်ပြန်မဆုတ်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို တည်ဆောက်နိုင်ဖို့အတွက် နေရာအလိုက် အဆင့်အလိုက် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ဒီကနေ့ အခမ်းအနားပိတ်ပွဲမှာ ထုတ်ပြန်တဲ့ ကြေညာချက်ကို ဖတ်ကြားသွားခဲ့ပါတယ်။
ရှမ်းတိုင်းရင်းသားတွေရဲ့ ညီလာခံအပြီးမှာ နောက်တဆင့်အနေနဲ့ တိုင်းရင်းသားတွေအားလုံး ပါဝင်တဲ့ ညီလာခံတစ်ခုကို ကျင်းပသွားနိုင်ဖို့ ကြိုးစားဆောင်ရွက်သွားမယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ဒီကနေ့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
နိုဝင်ဘာလ ၂၆ရက်နေ့ကစပြီး ၃ ရက်တာ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲကို ရှမ်းတိုင်းရင်းသား နိုင်ငံရေးပါတီ ၃ ဖွဲ့က ကိုယ်စားလှယ်တွေ၊ ရှမ်းလက်နက်ကိုင်အဖွဲ့အစည်း ၄ဖွဲ့ရဲ့ ကိုယ်စားလှယ်တွေ၊ ပြည်တွင်းပြည်ပ အခြေစိုက် ရှမ်းလူမှုအခြေပြု အဖွဲ့အစည်း ၁၁ ဖွဲ့က ကိုယ်စားလှယ်တွေ၊ မြို့နယ်ပေါင်း ၄၂ မြို့နယ်က ကိုယ်စားလှယ်တွေနဲ့ ပညာရှင်တွေ စုစုပေါင်း ၁၇ဝ ဦးလောက် တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။