စစ်ဘေး ဒုက္ခသည် နှစ်ထောင်ကျော် နေ ရပ်ပြန်

ရှမ်းပြည်နယ် ကျောက်မဲမြို့မှာ ခိုလှုံနေကြတဲ့ စစ်ဘေးဒုက္ခသည် လေးထောင်ကျော်ထဲက နှစ်ထောင်ကျော်ဟာ ဒီရက်ပိုင်းမှာ သူတို့နေထိုင်တဲ့ ကျေးရွာတွေကို ပြန်ကြတယ်လို့ သိရပါတယ်။

လတ်တလော တိုက်ပွဲတွေ ရပ်စဲနေသလို လက်ဖက်ခူးချိန် ရောက်နေပြီဖြစ်တာကြောင့် နေရပ်ပြန်ကြတာ ဖြစ်တယ်လို့ ဒုက္ခသည်တွေကို ကူညီပို့ဆောင်ပေးနေတဲ့ ဇီဝိတလူမှုကူညီရေး အသင်းက ဦးတင်မောင်သိန်းက ပြောပါတယ်။

"ပြန်တာကတော့ဒီလိုဗျ သူတို့ရပ်ရွာတွေမှာ ပစ်တာခတ်တာတွေပေါ့နော် တိုက်ပွဲတွေက မဖြစ်တော့ဘဲနဲ့ ငြိမ်သွားတဲ့အခါမှာ ပြန်ကြတာပေါ့၊ ဒါလည်း သူတို့ဟာ သူတို့ ရွာကိုပြန်ပြီးစနည်းနာကြတယ်၊ ရွာကသတင်းကို ပြန်နားထောင်ပြီးတော့မှ ပြန်လို့ရပြီဆိုတော့ ပြန်ကြတာပေါ့၊ ရွာတွေမှာလည်း အိုးအိမ်တွေစွန့်ခွါပြီး လာရတဲ့အခါကျတော့ ရွာစောင့်က နည်းနည်းပဲရှိတယ်လေ၊ ဘုန်းကြီးကျောင်း ၃ ကျောင်း၊ စခန်း ၃ ခု မပါဘဲနဲ့ကို ၁၉ဝ၇ ယောက်ရှိတယ်၊ နှစ်ထောင်ကျော်လောက် ပြန်ပါတယ်"

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် တော့ဆန် ကျေးရွာအနီးမှာ TNLA တအာန်းလွတ်မြောက်ရေး တပ်မတော်နဲ့ RCSS ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ တပ်တွေ တိုက်ပွဲတွေဖြစ်ခဲ့တာကြောင့် ပန်စံ၊ ညောင်ပန်လှ၊ ပါခါး၊ ကန့်ကန်၊ စံဟိန်း၊ မင်းကုန်း စတဲ့ ကျေးရွာတွေက ဒေသခံ ၄ဝဝဝ ကျော်ဟာ ကျောက်မဲမြို့ပေါ်မှာ ခိုလှုံနေကြတာဖြစ်ပါတယ်။

အဲ့ဒီဒုက္ခသည်တွေကို ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ ဘိုးဘွားရိပ်သာတို့မှာ စခန်း ၂၁ ခု ဖွင့်လှစ်ထားရှိထားခဲ့ပါတယ်။

နေရပ်ပြန်သွားကြတဲ့ ဒုက္ခသည်တွေကို လူတစ်ဦးအတွက် ငွေကျပ်တစ်သောင်းစီနဲ့ ဆန်တချို့ လှူဒါန်းခဲ့ပြီး ကျေးရွာတွေအထိ ကားတွေနဲ့ လိုက်လံပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။