မြန်မာစစ်တပ်နှင့် SSA နောက်ဆက်တွဲ တိုက်ပွဲကြောင့် ကိုးဦး သေဆုံး

ရှမ်းပြည်တောင်ပိုင်း တောင်ကြီး- လုွိင်လင်ကားလမ်းပေါ်ရှိ ခေါင်နွဲ့ရွာ အနီးမှာ ဇူလိုင်လ ၉ ရက်နေ့ မနက် ၇ နာရီခွဲလောက်က ယာဉ်တန်းတတန်းကို ဆက်ကြေးတောင်းခံနေတဲ့ SSA တပ်ဖွဲ့နဲ့ မိုင်းပွန် အခြေစိုက် ခမရ (၅၁၃) တပ်ဖွဲ့တဖွဲ့ တိုက်ပွဲဖြစ်ပွားခဲ့ တယ်လို့ သတင်းရရှိပါတယ်။

မျက်မြင်သက်သေ ဒေသခံတွေရဲ့ ပြောကြားချက်အရ လုွိင်လင်ကနေ ၆ မိုင်ခန့်အကွာ ခေါင်နွဲ့ရွာမှာ

SSA

တပ်ဖွဲ့ဝင်တချို့က ကားတွေကို ရပ်ခိုင်းပြီး ဆက်ကြေးကောက်ခံနေချိန်မှာ တောင်ကြီး တောင်လေးလုံး ရဲဘက်စခန်းကို ထောင်ကျတရားခံ ၂ ဦး သွားပို့တဲ့ ရဲလုံခြုံရေးကား ရောက်ရှိသွားပြီး ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ ပစ်ခတ်မှုကြောင့် ကားပေါ်မှာ လိုက်ပါလာတဲ့ ပင်လုံရဲစခန်းမှူး၊ ရဲတပ်ဖွဲ့ဝင် ၂ ဦး၊ ယာဉ်မောင်းတဦးနဲ့ တရားခံ ၂ ဦး၊ ခြောက်ဦးစလုံး သေဆုံးပြီး ကားကိုလည်း မီးရှို့လိုက်တယ်လို့ သိရပါတယ်။

သေနတ်သံကြောင့် အဲ့ဒီဒေသကို ခရီးထွက်လာတဲ့ ခမရ (၅၁၃) တပ်ရင်းမှူးနဲ့ အဖွဲ့ ရောက်ရှိလာရာမှာ ဆက်လက် တိုက်ပွဲဖြစ်ပွားပြီးနောက် SSA ဘက်က ၃ ယောက် ကျဆုံးပြီး မြန်မာစစ်တပ်ဘက်က တပ်ရင်းမှူး ဒဏ်ရာရရှိသွားတဲ့အတွက် ခွဲစိတ် ကုသနေရတယ်လို့ ဆိုပါတယ်။

အဲ့ဒီနေ့ တနေ့တည်းမှာပဲ မိုင်းရှူးမြို့နယ်က ရဲစခန်းတခုရှေ့မှာ ဗုံးတလုံး ပေါက်ကွဲတဲ့အပြင် မပေါက်ကွဲသေးတဲ့ ဗုံးတလုံးကိုလည်း တွေ့ရှိခဲ့ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ ဗုံးပေါက်ကွဲမှုကြောင့် လူသူ ထိခိုက်မှု ရှိမရှိ ကိုတော့ မသိရသေးပါဘူး။