မူးယစ်ဆေးဝါးအများအပြားဖမ်းမိ


2016.04.02
lashio-arrest-drugs-620.jpg ရှမ်းပြည်နယ် ကျိုင်းတုံမြို့မှာ ကျပ်သိန်း ၆ သောင်းကျော်ရှိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ လက်နက်ခဲယမ်းတွေကို ဧပြီလ ၂ ရက်နေ့က ဖမ်းဆီးရမိစဉ်
Photo: Kan Thar/ RFA

ရှမ်းပြည်နယ် ကျိုင်းတုံမြို့မှာ ကျပ်သိန်း ၆ သောင်းကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး တွေနဲ့ လက်နက်ခဲယမ်းတွေကို ဖမ်းဆီးရမိထားသလို လားရှိုးမြို့မှာ လည်း ငွေကျပ် သိန်းပေါင်း တစ်ထောင်ကျော် တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြားတွေ ကို မနေ့က ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

ကျိုင်းတုံမြို့မူးယစ်ဆေးဝါးမှုမှာ ဖမ်းမိထားသူ ၅ ဦး ရှိပြီး တရားမဝင် လက်နက်ကိုင်ဆောင်မှု၊ မူးယစ်ဆေးဝါး မှုတွေနဲ့ အမှုဖွင့်ထားတယ်လို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့က ရဲမှူးချုပ် အောင်အောင် က ပြောပါတယ်။

"တရားမဝင်ကိုင်ဆောင်တဲ့ လက်နက်မှုပါမယ်၊ နောက်မူးယစ်ဆေးဝါးပုဒ်မ ၁၉ တို့၊ ၂၁ တို့၊ ၂၂ တို့၊ သူကသယ်ယူပို့ဆောင်ရောင်းဝယ်ဖောက်ကားမှု၊ လက်ဝယ်ထားရှိမှု၊ ဒါမျိုးလေးတွေနဲ့ အမှုဖွင့်ထားပါတယ်"

ကျိုင်းတုံမြို့နယ်မှာ ဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်ဆက်နွယ်မှုကို ရဲမှူးချုပ်က စစ်ဆေးနေဆဲဖြစ်တဲ့ အတွက် ထုတ်ဖေါ်ပြောဆိုခြင်း မရှိသေးပါဘူး။

လားရှိုး-မိုင်းယော် လမ်းမှာ ဖမ်းမိတဲ့ စိတ်ကြွဆေးပြားတွေနဲ့ ဘိန်းဖြူတွေကို ကချင်ပြည်နယ် ဖားကန့်ဖက်ကို ပို့ဆောင်ဖို့ သယ်ဆောင်လာစဉ် ဖမ်းမိတာဖြစ်တယ်လို့ လားရှိုးမူးယစ်တပ်ဖွဲ့စုက ရဲမှူး ရဲနိုင် က ပြောပါတယ်။

"မူးယစ်ဆေးဝါးတွေသယ်လာတဲ့ ကားတစ်စီးက မူဆယ်ဘက်ကနေထွက်လာပြီးတော့မှ ကွတ်ခိုင်ဖက် ကနေဖြတ်သန်းလာပြီး လားရှိုးကိုဖြတ်ပြီး ဖားကန့်ဖက်ကို သွားမလို့ဆိုတာ ကျနော်တို့ သတင်းရပါတယ်၊  ပိတ်ဆို့ဖမ်းဆီးလိုက်တော့မှ စိတ်ကြွရူးသွပ်ဆေးပြားက ၆ သောင်း၊ ဘိန်းဖြူကတော့ ဆပ်ပြာခွက် ၂၂၀ ခွက်၊  နောက် ငွေသားက သိန်း ၁၅၀၊ ပါလာပြီးတော့ ကားရဲ့နောက်ခန်းထိုင်ခုံအံဝှက်ပြုလုပ်ပြီး အံဝှက်ထဲ မှာ ထည့်ပြီးသယ်လာတာဖြစ်ပါတယ်"

လားရှိူး မိုင်းယော်လမ်းက မူးယစ်ဆေးဝါးတွေကို သယ်ဆောင်လာသူတွေက သူတို့ဟာ ငွေကျပ် သိန်း၁၅၀ အခကြေးငွေယူပြီး ပို့ဆောင်ပေးတာလို့ ထွက်ဆို ထားကြောင်း ရဲမှူး ရဲနိုင်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။