ကျိုင်းတုံ နဲ့ မိုင်းခတ်မြို့အကြား ICE ကီလို ၁၆၀ ကျော်ကို ဖမ်းမိ


2016.04.03
kyaington-drug-620.jpg ရှမ်းပြည်နယ် ကျိုင်းတုံမြို့၊ နောင်ကန်ကျေးရွာအနီးမှာ ဧပြီလ ၂ ရက်နေ့ ICE ကီလို ၁၆၀ ကျော်ကို ဖမ်းဆီးရမိခဲ့စဉ်
Photo: Tachileik News Agency

ရှမ်းပြည်နယ် ကျိုင်းတုံ နဲ့ မိုင်းခတ်မြို့နယ်အကြား နောင်ကန်ရွာအနီးမှာ ရဲတပ်ဖွဲ့ နဲ့ မူးယစ်ဆေး သယ်ဆောင် လာသူတွေ ပစ်ခတ်မှုဖြစ်ပွားရာ ICE ကီလို ၁၆၀ ကျော်ကို ဖမ်းမိပြီး ရဲတပ်ဖွဲ့ဝင် ၂ဦး ဒဏ်ရာရရှိသွာပါတယ်။

မနေ့ည သန်းခေါင်ချိန်မှာ ကားတစ်စီးကို တားရာကနေ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ငွေကျပ် သိန်းပေါင်း ၆ သောင်းကျော် တန်ဖိုးရှိတဲ့ ICE ကီလို ၁၆ဝ ကျော်ကို ဖမ်းမိထားတယ်လို့ ရဲမှူးချုပ် အောင်အောင် က ပြောပါတယ်။

"မနေ့ည ၁၂ နာရီက ကားတစ်စီးဖြတ်လာတော့ ဒီကတားတာပေါ့၊ တားနေတုန်းမှာပဲ အဲ့ဒီကားပေါ် ကနေ သေနတ်နဲ့ပစ်တော့ ကျနော်တို့ ဒီဘက်က စစ်ဆေးရေးတာဝန်ကျတဲ့ ရဲ ၂ ယောက် ဒဏ်ရာရတယ်၊ ရဲအဖွဲ့ကနေ ပြန်ပစ်တော့ ကိုက် ၁ဝဝ လောက်မှာ ကားကမြောင်းထဲကို ကျသွားတယ်၊ ကားပေါ်မှာလူ ၃ ယောက်ကတော့ ဆင်းပြေးပါတယ်၊ ကားပေါ်မှာတော့ ICE ပေါ့ ၁၆၄ ကီလိုဂရမ်ပေါ့ ငွေနဲ့ တွက်ရင်တော့ သိန်းပေါင်း ၆ သောင်းကျော်ရတယ်၊ လူတွေကိုတော့ မရဘူးပေါ့နော်၊ လူတွေကတော့ ကားမြောင်းထဲထိုး ကျသွားတာနဲ့ တခါတည်းပြေးသွားတာပေါ့"

အဲဒီလို ပစ်ခတ်ကြတဲအတွက် ဒဏ်ရာရရှိထားသူ ရဲတပ်ကြပ် တစ်ဦးနဲ့ ဒုတပ်ကြပ်တစ်ဦးတို့ကို ကျိုင်းတုံဆေးရုံမှာ တင်ထားရပါတယ်။

မူးယစ်ဆေးဝါးသယ်ဆောင်လာတဲ့ ကားကို ဖမ်းမိလိုက်ပေမယ့် ကားပေါ်ပါသူ ၃ဦးကတော့ ထွက်ပြေးလွတ်မြောက် သွားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့ကလည်း အလားတူ ငွေကျပ်သိန်းပေါင်း ၆ သောင်းကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေး ဝါးတွေနဲ့ လက်နက်ခဲယမ်းတွေကို မိုင်းလားကနေ ကျိုင်းတုံဘက်ကိုလာတဲ့ ယာဉ်တစ်စီးပေါ်မှာ ဖမ်းဆီးရမိထားပြီး အဲ့ဒီအမှုနဲ့ပတ်သက်သူ ၅ ဦးကို ဖမ်းမိထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။