ကွတ်ခိုင်နဲ့ သိန္နီ ခရိုင်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား


2015.02.23
laukaing-soldiers-305.jpg လောက်ကိုင်မြို့မှာ ဖေဖော်ဝါရီလ ၁၆ ရက်က ကင်းလှည့်နေတဲ့ မြန်မာစစ်သားတချို့ကို တွေ့ရစဉ်
Photo: AFP

ကိုးကန့်နယ်မြေအတွင်း အခုလ ၂၁ရက်နေ့က ဖုန်းရွှေကျန်းဒေသမှာ တိုက်ပွဲကြီးတွေ ဖြစ်ပွား ခဲ့ပြီးနောက် ဒီကနေ့ အခြေအနေငြိမ်သက်နေပေမဲ့ ကွတ်ခိုင်နဲ့ သိန္နီခရိုင်အတွင်း တိုက်ပွဲတွေ ဆက် လက်ဖြစ်ပွားနေပါတယ်။

တိုက်ပွဲတွေဟာ ကိုးကန့်တပ်ဖွဲ့တွေနဲ့ ရင်ဆိုင်ဖြစ်ပွားနေ သလို သူတို့နဲ့ပူးပေါင်းတိုက်ခိုက်နေတဲ့ တိုင်းရင်းသား တပ်ဖွဲ့တွေနဲ့လည်း တိုက်ပွဲတွေဖြစ်နေတယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA က အတွင်းရေးမှူး ဗိုလ်မှူးကြီး တာဘုန်းကျော် က ပြောပါတယ်။

"နမ့်ခမ်းဘက်မှာဖြစ်တာကတော့ တပ်မ (၈၈) က တပ်ရင်းတွေနဲ့ ကျနော်တို့ဆီကအဖွဲ့တွေ နဲ့ ဖြစ်ကြ တာပါ၊ ကွတ်ခိုင်ဘက်ကတော့ ခမရ (၄၅) တို့ (၃၂၄) တို့ ပြီးတော့ သိန္နီဘက်မှာဖြစ်တဲ့ဟာကတော့ ခုစစ်ကူတက်လာတဲ့ တပ်မ (၃၃) တပ်ဖွဲ့တွေပါမယ်၊ တခြားတပ်ဖွဲ့တွေပါမယ်၊ အတိအကျတော့ ကျနော်တို့ပြောရခက်ပါမယ်၊ တပ်ပွဲအတွင်းမှာတော့ အကျအဆုံးတွေကတော့ အတိအကျတော့မသိပါဘူး၊ ခန့်မှန်းခြေလောက်ပဲ ကျနော်တို့သိရပါတယ်၊ ဒီနှစ်ရက် သုံးရက် ကျနော်တို့ခန့်မှန်းတာကတော့ ဒီတိုက်ပွဲတွေမှာ မြန်မာအစိုးရတပ်ဘက်က ၅ဝ ဝန်းကျင်လောက်ရှိပြီလို့ ခန့်မှန်းလို့ရပါတယ်"

ကိုးကန့် MNDAA အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းကလည်း ကိုးကန့်နယ်မြေအတွင်း တိုက်ပွဲတွေမှာ TNLA အဖွဲ့က တပ်ရင်း ၃ ရင်း ပါဝင်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

ဒီအတောအတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး အစိုးရဘက်က  စွပ်စွဲပြောဆိုချက်များကို ဦးထွန်းမြတ်လင်းက အခုလို ဝေဖန်ပြောဆိုပါတယ်။

"တပ်မတော်ဘက်ကနေပြီးတော့မှ ကျနော်တို့ကို ကျူးကျော်တယ်တို့ အချုပ်အခြာအာဏာနဲ့ ပတ်သက်တယ် လို့ပြောတယ်၊ သူတို့က ပြည်သူလူထုကို အာရုံလွှဲစေချင်တာပေါ့၊ ခုကျောင်းသားသပိတ်တို့၊ အလုပ်သမားတွေ များနေတယ်၊ အဲ့ဒါကြောင့် သူက ကျနော်တို့ကို တရုတ်နဲ့ပတ်သက်တယ်၊ တရုတ်အမျိုးအနွယ်ဖြစ်တယ်၊ အဲ့ဒါမျိုး အရမ်းပြောလာပါတယ်၊ ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း ကျနော်တို့ကို မတရားအသင်း ကြေညာထား တယ်လို့ ပြောထားပါတယ်ခင်ဗျ၊ အဲ့တော့ ဆက်သွယ်တဲ့မီဒီယာတွေကို သူတို့က ၁၇(၁) လားမသိဘူး၊ အဲ့လိုမျိုးထုတ်ထားပြီးတော့ ခြိမ်းခြောက်လိုက်တဲ့ပုံစံရှိပါတယ်ခင်ဗျ၊ မီဒီယာတွေကို ပြန်ပေးဆွဲပြီးတော့ ကျနော်တို့ကို သတင်းနဲ့လုပ်ကြံတဲ့ပုံစံဖြစ်နေပါတယ်ခင်ဗျ"

ပြီးခဲ့တဲ့ ၂၁ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ သတင်းသမားများ သတင်းရယူတာနဲ့ပတ်သက်ပြီး  ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက ကိုးကန့်အဖွဲ့ဟာ သောင်းကျန်းသူအဖွဲ့ဖြစ်ပြီး မတရားအသင်းများနှင့် ဆက်သွယ်သူများကို အရေးယူနိုင်တဲ့ ဥပဒေ ပုဒ်မ ၁၇ (၁) ရှိနေတာကြောင့် အဲဒီ့လိုအဖွဲ့တွေနဲ့ ဆက်သွယ်ရန် သင့် မသင့်ကို စဉ်းစားသင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒီအတောအတွင်းမှာ လောက်ကိုင်မြို့က စစ်ဘေးဒုက္ခသည်တွေကို ကယ်ဆယ်တဲ့ ကြက်ခြေနီယာဉ်တန်း ပစ်ခတ်ခံရတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ယာယီရပ်နားထားတယ်လို့ ကွမ်းလုံမြို့အခြေစိုက် ကြက်ခြေနီအသင်း တာဝန်ရှိသူတွေက ပြောပါတယ်။

လုံခြုံရေးအတွက် စိုးရိမ်ရတာကြောင့် ကြက်ခြေနီဝန်ထမ်းတွေနဲ့ လုပ်အားပေးလူငယ်တွေ အဲဒီဒေသကိုမသွားရဲတော့ဘူးလို့ ကွမ်းလုံမြို့အခြေစိုက် ကြက်ခြေနီအသင်းအမှုဆောင် ဦးတာက ပြောပါတယ်။

အခုလ ၁၃ ရက်နေ့ကစပြီး ကွမ်းလုံအခြေစိုက် ကြက်ခြေနီအဖွဲ့ဟာ လောက်ကိုင်မြို့မှာရှိတဲ့ စစ်ဘေးဒုက္ခသည် ရှစ်ထောင်လောက်ကို လားရှိုးမြို့ မန်ဆူဘုန်းကြီးကျောင်းကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။