မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် ရှမ်းရိုးမစစ်ဆင်ရေး စတင်မည်


2017.08.19
colonel-naingwinaung-622 လားရှိုးမြို့မှာ သြဂုတ်လ ၁၉ ရက်နေ့ကပြုလုပ်တဲ့ အစိုးရအဖွဲ့ ဝန်ကြီးတွေနဲ့ လူထုတွေ့ဆုံပွဲမှာ ရှမ်းပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး နိုင်ဝင်းအောင် ကို တွေ့ရစဉ်
Photo: Kan Thar/RFA

ရှမ်းပြည်နယ်မှာ မူးယစ်ဆေးဝါးပြဿနာတွေကို ရှမ်းရိုးမစစ်ဆင်ရေးအမည်နဲ့ လာမယ့် သြဂုတ်လ ၂၁ ရက်နေ့ ဝန်းကျင်ကစပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းတွေကို စတင်ဆောင်ရွက်သွားမယ်လို့ ရှမ်းပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နိုင်ဝင်းအောင်က ပြောပါတယ်။

ဒီကနေ့ လားရှိုးမြို့မှာ ပြုလုပ်တဲ့ အစိုးရအဖွဲ့ဝန်ကြီးတွေနဲ ့လူထုတွေ့ဆုံပွဲမှာ ဒေသခံတစ်ဦးက ရှမ်းပြည် နယ်မြောက်ပိုင်းမှာ မူးယစ်ဆေးဝါးပြဿနာနဲ့ပတ်သက်ပြီး ဆောင်ရွက်ပေးဖို့ တောင်းဆိုရာမှာ ဝန်ကြီး ဗိုလ်မှူးကြီး နိုင်ဝင်းအောင်က ဖြေကြားခဲ့တာဖြစ်ပါတယ်။

"မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့မှ ယခင်ဆောင်ရွက်ခဲ့တဲ့ စစ်ဆင်ရေးတွေ ဆောင်ရွက်ခဲ့သလိုပဲ ကျနော်တို့ ရှမ်းပြည်နယ်အတွင်းမှာလည်းပဲ အခု ၈ လပိုင်း ကျနော်တို့ တတိယပတ် ၂၁ ရက်နေ့ဝန်းကျင် အဲဒီကနေစပြီးတော့မှ ရှမ်းရိုးမစစ်ဆင်ရေး ဆိုတဲ့အမည်နဲ့ ကျနော်တို့ မူးယစ်ဆေးဝါးတွေကို အရှိန်အဟုန်မြှင့် တားဆီးရေးတွေကို ဆောင်ရွက်လျှက်ရှိတယ် ဆိုတဲ့အကြောင်း ကျနော်တို့ ဆောင်ရွက် ထားတဲ့ အခြေအနေလေးကို ရှင်းလင်းဆွေးနွေးပေးလိုပါတယ်"

စစ်ဆင်ရေးကို ဘယ်လိုပုံစံနဲ့ပြုလုပ်သွားမယ်ဆိုတာကိုတော့ ပြောသွားတာမရှိပါဘူး။

ရှမ်းပြည်နယ်အစိုးရအဖွဲ့နဲ့ လူထုတွေ့ဆုံပွဲကို ဒီကနေ့ နေ့လည်ပိုင်းမှာ လားရှိုးမြို့ မြို့တော်ခန်းမမှာ ပြုလုပ်ခဲ့တာဖြစ် ပြီး တက်ရောက်လာသူတွေက မြေယာပြဿနာတွေ ဖြေရှင်းပေးဖို့၊ မြေဂရန်တွေ သက်တမ်းတိုးတာမှာ အခက်အခဲ ရှိနေတာတွေကို ဖြေရှင်းပေးဖို့၊ စစ်မက်ဖြစ်ပွားနေမှု အခြေအနေတွေကြောင့် ဒေသခံတွေ ဒုက္ခရောက်နေရတဲ့ အခြေအနေတွေကို တင်ပြခဲ့ကြပါတယ်။

ဒီကနေ့တွေ့ဆုံပွဲမှာ ပြည်နယ်ဝန်ကြီးချုပ်က နမ္မတူမြို့နယ်နဲ ့မန်တုံမြို့နယ်အတွင်းက တိုက်ပွဲသင့်သူတွေအတွက် အလှူငွေ ကျပ် ၄၃ သိန်းဖိုး တန်ဖိုးရှိတဲ့ ဆန်နဲ့ထောက်ပံ့ရေးပစ္စည်းတွေ ပေးအပ်ခဲ့ပါတယ်။

ရှမ်းပြည်နယ် လယ်ယာမြေနဲ့အခြားမြေများ သိမ်းဆည်းခံရမှု စိစစ်ရေးကော်မတီအနေနဲ့ ပြည်သူတွေရဲ့ တင်ပြ ချက်တွေထဲက အမှုပေါင်း ၇၀ ကျော်ကို စိစစ်ပြီး အဲဒီထဲကမှ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းက တောင်သူ ၆၃ ဦးအတွက် မြေစာရင်းပုံစံ ၃ကို ထုတ်ပေးသွားမှာဖြစ်တယ်လို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ် က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ကျေးရွာတွေအလိုက် အကောင်အထည်ဖော်နေတဲ့ မြစိမ်းရောင်ကျေးရွာ စီမံကိန်းလျှပ်စစ်မံကိန်း ၁၅ ယူနစ်အတွက် တစ်ယူနစ်ကို ကျပ်သိန်းသုံးရာနှုန်းနဲ့ ရန်ပုံငွေကျပ်သိန်း ၄၅၀၀ ကို လွှဲပြောင်းပေးအပ်ခဲ့သလို ၂၀၁၇-၂၀၁၈ ခုနှစ်အတွင်း ရေဘေးကြောင့် သီးနှံနစ်မြုပ်ပျက်စီးသွားခဲ့တဲ့ ကွမ်လုံမြို့၊ ဟိုပန်မြို့၊ နမ့်ခမ်းမြို့ တို့အတွက် ထောက်ပံ့ကြေးတွေ ပေးအပ်ခဲ့ပါတယ်။

ဒီနေ့ တေ့ွဆုံပွဲမှာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာတွေ၊ ဒေသခံတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ စုစုပေါင်း လူဦးရေ လေးရာကျော် တက်ရောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။