ဖက်ဒရယ်ဒီမိုကရေစီ အခြေခံ ဥပဒေပေါ်ပေါက်ရေး ရှမ်းပြည် ညီညွတ်ရေးကော်မတီ ဆွေးနွေး


2016.03.04
shan-state-unity-committee-620.jpg ရှမ်းပြည်ညီညွတ်ရေး ကော်မတီအစည်းအဝေးကို မတ်လ ၄ ရက်နေ့က ရန်ကုန်မြို့ SNLD ရုံးချုပ်မှာ ကျင်းပစဉ်
Photo: Zarni Htun/RFA

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို တိုင်းရင်းသားတွေရဲ့ ဆန္ဒနဲ့ကိုက်ညီတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ဖဲ့ွစည်းပုံအခြေခံဥ ပဒေအဖြစ် ပြောင်းလဲရေးဆွဲနိုင်ဖို့အတွက် တခြားအဖွဲ့အစည်းတွေနဲ့ လက်တွဲဆောင်ရွက်သွားမယ်လို့ ရှမ်းပြည် ညီညွတ်ရေးကော်မတီက ဒီနေ့ ကြေညာချက်ထုတ်လိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်က ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ဒီကနေ့ကျင်းပ တဲ့ ကော်မတီရဲ့ အစည်းအဝေးအပြီးမှာ ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ ရှမ်းပြည်ညီညွတ်ရေးကော်မတီအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် တွဲဘက်အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောပါတယ်။

"အဓိကကတော့ ကျနော်တို့က ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင် စု ပေါ်ပေါက်ဖို့ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြုပြင်ဘဲနဲ့ ဆက်လုပ်သွားလို့မရဘူး၊ အဲ့တော့ ဥပဒေပြုပြင်ပြောင်းလဲနိုင်ဖို့အတွက် အဓိကကတော့ ပြည်တွင်းငြိမ်းချမ်းရေးကို အရင်တည်ဆောက်ရမယ်၊ အဲ့ဒါကြောင့်မို့ NCA ရဲ့ အနှစ်သာရကို အခြေခံတဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ကျနော်တို့အဖွဲ့နဲ့ တခြားသောအဖွဲ့အစည်းများ အတူလက်တွဲပြီးတော့ ပူးပေါင်းဆောင်ရွက်သွားဖို့ရှိတယ်"


ရှမ်းတိုင်းရင်းသားအဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ရှမ်းပြည်ညီညွတ်ရေး ကော်မတီအစည်းအဝေးကို မနေ့က မီကာဆာ ဟိုတယ်မှာ ကျင်းပခဲ့ပြီး ဒီနေ့ Summit Parkview ဟိုတယ်မှာ ကျင်းပဖို့ စီစဉ်ထားပေမယ့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုချက်ရမှ ကျင်းပခွင့်ပြုမယ်ဆိုတာကြောင့် SNLD ရုံးချုပ်မှာ ရွှေ့ပြောင်းကျင်းပခဲ့တာဖြစ်ပါတယ်။

ဒီနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ရှမ်းပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားအားလုံး အတူယှဉ်တွဲနေထိုင်နိုင်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိရေး၊ စည်းလုံးညီညွတ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက် သွားမယ်လို့ ပါရှိပါတယ်။

ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချင်းချင်းကြား ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲတွေရဲ့ တိုက်ပွဲတွေတွေကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာ ဖို့လည်း တိုက်တွန်းထားပါတယ်။

အစည်းအဝေးကို ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD တို့က ခေါင်းဆောင်တချို့ တက်ရောက်ခဲ့ပါတယ်။

ရှမ်းပြည်ညီညွတ်ရေးကော်မတီ အစည်းအဝေးတွေကို တရုတ်နဲ့ ထိုင်းနိုင်ငံတို့မှာ ကျင်းပခဲ့ပြီး ပြည်တွင်းမှာ ဒါပထမဆုံးအကြိမ် ကျင်းပတာဖြစ်ပါတယ်။

ဦးစိုင်းလိတ်ကို RFA သတင်းထောက် မဇာဏီထွဏ်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။