"မီးလောင်ပြင်မှာ ကျနော်ကိုယ်တိုင် ကွပ်ကဲနေပါတယ် ။ တချို့ပြောတာတော့ ခြံမီးရှို့ရင်းနဲ့ အိမ်ကူးတာပေါ့ဗျာ အဲဒီကနေ ပြီးတော့ တောက်လျှောက်လောင်တာ အိမ်ခြေ ၅၀ လောက်ပါသွားတာ မြို့လယ်ရပ်ကွက် အိမ်ခြေ ၂၀ ကျော်နဲ့ နမ့်မွန်းရပ်ကွက် အိမ်ခြေ ၃၀ ကျော်လောက် ပါသွားတယ်။ ဆုံးရှုံးမှုကတော့ ကျနော်တို့ ဒီမှာတော့ အိမ်ကြီးအိမ်ကောင်းတွေပဲ ဒီမှာက တောင်ပေါ်မြို့လေးဖြစ်တယ် လမ်းတလမ်းပဲဖြစ်တာလေ ပြီးတော့ အိမ်တွေက ပျဉ်ထောင်အိမ်တွေနဲ့ ဆောက်ထားပြီးတော့မှ ရေနံချေးတွေနဲ့သုတ်ထားတဲ့အခါကျတော့ လောင်စာလိုဖြစ်နေတာပေါ့၊
သီပေါ၊ လားရှိုးနဲ့ သိန္နီမြို့က မီးသတ်ကားတွေကို အကူအညီတောင်းခဲ့ပေမယ့် မီးငြိမ်းပြီးမှရောက်လာတဲ့အတွက် နမ့်ဆန်မြို့က မီးသတ်ကား ၂ စီးနဲ့ပဲ မီးငြိမ်းသတ်ခဲ့ရပြီး နေ့လည် ၁ နာရီကျော်မှာ မီးညွှန့်ကျိုးသွားတယ်လို့ သိရပါတယ်။
လောလောဆယ်မှာတော့ အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ မီးဘေးဒုက္ခသည် (၃၀၀) လောက်အတွက် နေရာထိုင်ခင်းနဲ့ အစားအသောက်တွေ စီစဉ်နေတယ်လို့ အုပ်ချုပ်ရေးအဖွဲ့ဝင်က ဆက်လက်ပြောပါတယ်။
"ကျနော်တို့ ဒေသဦးစီးအဖွဲ့ဝင်အနေနဲ့ အရေးပေါ်အစည်းအဝေးထိုင်ပြီး သူတို့ကိုနေရာချပေးဖို့ ကျနော်တို့ဆီမှာ ဘုန်းကြီးကျောင်းတွေရှိတယ်။ ဂိုဏ်းချုပ်ဆရာတော်ကျောင်း၊ နမ့်ဆန်ဘုန်းကြီးကျောင်းနဲ့ တရုတ်ဘုန်းကြီးကျောင်းရှိမယ်။ အဲလိုနေရာမျိုးတွေ နေရာချပေးမယ် ဆောင်းတွင်းလဲ ရောက်လာတဲ့အခါကျတော့ တောင်ပေါ်မြို့လဲဖြစ်တယ်။ အေးလဲအေးတယ် သူတို့အတွက် လိုအပ်တဲ့ အသုံးအဆောင်လေးတွေ၊ စောင်တွေ အိမ်ယာခင်းတွေ အကူအညီပေးမယ် ပြီးတော့ ထမင်းဟင်းတွေ အိမ်တိုင်းစေ့ပေါ့နော် ပို့ပေးရန် ညွှန်ကြားဖို့ရှိတယ်ဗျ။"
ပလောင်လူမျိုးတွေ နေထိုင်တဲ့ နမ့်ဆန်တောင်ပေါ်မြို့မှာ အခုလို မီးအကြီးအကျယ်လောင်တာဟာ ဒါပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။
