ထိုင်းနိုင်ငံထဲ ဝင်ရောက်ခိုလှုံနေတဲ့ ရှမ်းလူမျိုးတွေဟာ ဒုက္ခသည်အဖြစ် အသိအမှတ်ပြု မခံရကြောင်း စာမျက်နှာ ၂၇၀ ပါ ဒီစာအုပ်ကို ရေးသားပြုစုသူ Bernice Koehler Johnson က ဒီနေ့သတင်းစာ ရှင်းလင်းပွဲမှာ ဦးဆောင်ရှင်းပြခဲ့ပါတယ်။
“ကျမဒီစာအုပ်ရေးခဲ့တာဟာ လေ့လာသင်ယူဖို့အတွက် အရမ်းအားသန်ပြီး အလုပ်ကြိုးစားကြတဲ့ ရှမ်းလူငယ်တွေအကြောင်း သိစေချင်လို့ပါ။ သူတို့တွေရဲ့ မျှော်လင့်ချက်တွေ ပြည့်ဝစေဖို့ အခွင့်အလမ်းတွေ ဖန်တီးပေးသင့်ပါတယ်။ ဒီလိုဆိုရင် သူတို့ဟာ ရှမ်းလူမျိုးတွေ အတွက်သာ မဟုတ်ဘဲ မြန်မာ တနိုင်ငံလုံးအတွက် အကျိုးရှိမှာဖြစ်ပါတယ်။”
ထိုင်းတက္ကသိုလ် အချို့မှာ ပညာသင်ကြားခွင့်ရနေတဲ့ ရှမ်းကျောင်းသား ကျောင်းသူ အချို့လည်း ဒီနေ့သတင်စာရှင်းလင်းပွဲကို တက်ရောက်ခဲ့ ပါတယ်။ တက်ရောက်တဲ့ ရှမ်းကျောင်းသားတွေထဲက ဘန်ကောက်မြို့ ရမ်ကန်ဟမ် တက္ကသိုလ်မှာ လူထုဆက်ဆံရေး နည်းပညာ ဘာသာရပ်ကို သင်ကြားနေတဲ့ ကိုစိုင်းစိုးကတော့ ရှမ်းလူမျိုးတွေကို ဒုက္ခသည်အဖြစ် လက်မခံတာဟာ ခွဲခြားတဲ့ပုံစံလို့ မြင်မိကြောင်း အခုလိုပြောပါတယ်။
"ကျနော့်အမြင်အနေနဲ့ကြတော့ ခွဲခြားတဲ့ ပုံစံလိုမျိုးတော့ရှိတယ်၊ ဥပမာ ကရင်ကြတော့ ပေးတယ်ပေါ့နော်။ ရှမ်းကြတော့ ဘာလို့မပေးလဲ ရှမ်းပြည်မှာလည်း စစ်တိုက်နေတာကြာလှပြီ။ ဟို ခွန်ဆာ လက်ထက် မတိုင်ခင်ထဲကိုက သူတို့စစ်တိုက်နေတာ၊ ပြေးလာတာလည်းကြာလှပြီ၊ ဒါပေမယ့်အထက်ပိုင်းမှာ အောက်ပိုင်းမှာ သူတို့ဘယ်လို အဆက်အသွယ်လုပ်ကြလဲ ကျနော်လည်း မသိဘူး။ ပြီးတော့ UNHCR ကလည်း ဘာဖြစ်လို့ မပေးတာလဲဆိုတာ ကျနော်တို့လည်း နားမလည်ဘူးပေါ့ ဘာဖြစ်လို့ ခွဲခြားပြီးတော့ ပေးရတာလဲပေါ့”
ဒီစာအုပ်မှာ ရှမ်းဒုက္ခသည်တွေအကြောင်း၊ သူတို့ရဲ့ ပညာရေး အခြေအနေ၊ ရှမ်းပြည်နယ်အတွင်း ခရီးသွားခြင်းစတဲ့အကြောင်းတွေကို ဖော်ပြထားပြီး ထိုင်းနိုင်ငံမြောက်ပိုင်းမှာ ရှမ်းလူမျိုး သန်းနဲ့ချီ နေထိုင်တယ်လို့ ခန့်မှန်းကြောင်း စာရေးသူကပြောဆိုပါတယ်။