ရန်ကုန်မြို့၊ လှိုင်သာယာစက်မှုဇုန် ၂ မှာရှိတဲ့ တရုတ်နိုင်ငံသားပိုင် လပ်ကီးရှူးဖိနပ်စက်ရုံက အလုပ်သမား ၃၀၀ လောက်ဟာ လစာတိုးမြှင့်ပေးဖို့ ဒီကနေ့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
အလုပ်သမားတွေရဲ့ အခြေခံလစာဟာ တစ်ရက်ကို ၈၀၀ ကျပ်သာရရှိတဲ့အတွက် ကျပ် ၃၀၀၀ အထိ တိုးမြှင့်ပေးဖို့ ဆန္ဒပြခဲ့ကြတာလို့ ဆန္ဒပြအလုပ်သမားတစ်ဦးဖြစ်သူ မတင်ဇာခိုင်က RFA ကို အခုလို ပြောပါတယ်။
“အဲပြဿနာ ဖြေရှင်းနေတာကတော့ စက်ရုံအတွင်းထဲမှာပဲ ဖြေရှင်းတာဆိုတော့ ၃၊ ၄ ၇က်လောက်တော့ရှိပြီ၊ ခုမှထွက်ပြီးတော့ ဆန္ဒပြတဲ့သဘောပေါ့၊ ညှိလို့မရလို့၊ ထမင်းစရိတ်ရယ်၊ ရှားပါးစရိတ်ရယ် နောက်ခြောက်လတစ်ကြိမ် လစာတိုးပေးဖို့ကိစ္စရယ် အဲဒါတွေကြောင့်ပါ၊ အရင်တုန်းကပေးတာ နည်းတယ်”
တောင်းဆိုချက်တွေထဲမှာ အလုပ်ချိန် ၈ နာရီအတွက် နေ့ကြေး ၃၀၀၀ အထိတိုးပေးဖို့၊ ထမင်းစရိတ်အစား ရှားပါးစရိတ်အဖြစ် ပြောင်းပေးဖို့၊ နှစ်စဉ်လုပ်သက်ကြေးပေးဖို့၊ ဆေးခွင့်၊ ရှောင်တခင်ခွင့်စတဲ့ ခံစားခွင့်တွေ အပြည့်အဝပေးဖို့၊ အစိုးရရုံးပိတ်ရက်မှာ အလုပ်ဆင်းခိုင်းတဲ့အခါ လုပ်ခအပြည့်အဝပေးဖို့စတဲ့ အချက်တွေကို တောင်းဆိုခဲ့ကြပါတယ်။ အဲဒီစက်ရုံမှာ အလုပ်သမား ၃၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။
