ဈေးပြောင်းရွှေ့တာ မကျေနပ်လို့ ဆန္ဒပြသူ ခေါင်းဆောင်လေးဦး ဖမ်းဆီးခံရ

ကချင်ပြည်နယ် မိုးညှင်းမြို့ရှိ ညောင်ပင်ဈေး ကို ပြောင်းရွှေ့ခိုင်းတာ မကျေနပ်လို့ ဆန္ဒပြခဲ့ကြသူတွေထဲက ခေါင်းဆောင် ၄ ယောက်ကို ဖမ်းဆီးထားပြီး အခုအခါ ဗီဒီယို အက်ဥပဒေတွေနဲ့ တရားစွဲထားတယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၁၈ ရက်နေ့က ညောင်ပင်ဈေးကို အာဏာပိုင်တွေက ပြောင်းရွှေ့ခိုင်းတဲ့အတွက် ဈေးသူဈေးသား ၂၀၀ လောက် မြို့တွင်း ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီလိုဆန္ဒပြပြီး နောက်တစ်ရက်မှာ အဲဒီအထဲက ခေါင်းဆောင်တယ်လို့ ယူဆရတဲ့ သူ ၄ ယောက်ကို ဖမ်းဆီးထားတဲ့အကြောင်း ဈေးသူတစ်ယောက်က ပြောပြပါတယ်။

"ဆန္ဒပြပြီးတော့ နောက်တစ်ရက်ပေါ့၊ ဗီဒီယိုမှတ်တမ်းတင်တဲ့လူ ကိုအားဖူ ဆိုတဲ့သူရယ်၊ နောက်ဗညားနိုင်ရယ်၊ ကုလားမလေးတစ်ယောက်ရယ်၊ နောက် မခွါးခွါးဆိုတဲ့ ကောင်မလေးတစ်ယောက်ရယ် အဲဒီမိန်းကလေး ၂ယောက်နဲ့ ယောက်ျားလေး ၂ယောက် အခုဖမ်းထားတယ် အဲဒီဆန္ဒပြတဲ့ဟာတွေကို ဗီဒီယိုခွေဖြန့်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့၊ သူတို့အခု ရဲစခန်းထဲမှာ ဟိုနေ့တုံးက ရမန် ၂ပတ်ယူတယ်၊ ခြေကျင်းတွေရော လက်ထိပ်တွေရောခတ်ပြီးတော့ ရမန်ယူတာ မလွှတ်သေးဘူး သူတို့ ၄ရက်နေ့ကို ပြန်ချိန်းတယ်၊ ရုံးချိန်း ၁၂ လပိုင်း ၄ ရက်နေ့ပေါ့"

ဒီကိစ္စနဲ့ပတ်သက်လို့ မိုးညှင်းရဲစခန်းကို ဆက်သွယ်မေးမြန်းကြည့်တော့ တာဝန်ကျ ဒုရဲအုပ်တစ်ယောက် ဖမ်းထားတဲ့ ၄ ယောက်ကို ဗီဒီယို ဥပဒေနဲ့ တရားစွဲထားတဲ့အကြောင်း အတည်ပြုပြောကြားပေမယ့် ဘာမှအသေးစိတ် မပြောပါဘူး။ ဒါ့အပြင် နောင်အခါ မိုးညှင်းညောင်ပင် ဈေးသူဈေးသားတွေ ဆန္ဒပြမှုမရှိအောင် အာဏာပိုင်တွေက ဖိအားပေးလုပ်ဆောင်နေတယ်လို့လဲ အဲဒီ ဈေးသူတစ်ယောက်က ဆက်ပြောပြပါတယ်။

"ဒီနေ့ဈေးထဲမှာ စည်ပင်ဌာနကနေ ၂စောင်တွဲစီပေးတယ်၊ ဈေးကိုပြောင်းရွှေ့ရမယ်ပေါ့၊ အမိန့်အာဏာဖီဆန်လို့ရှိရင် တရားဥပဒေအရ အရေးယူမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ဆန္ဒပြတဲ့နေ့ကတော့ အကုန်လုံးကို လုပ်ပေးပါ့မယ်ပေါ့၊ အချိုသပ်သွားတာပေါ့၊ ဒါပေမဲ့သူတို့က ဘာမှတစ်ခုမှ လုပ်မပေးတဲ့အပြင်ကို ၃၀ ရက်နေ့မှာ ပြန်ပြမယ်ဆိုတဲ့အခါကျတော့ ခေါင်တွေ လေးငါးဦးကို အကုန်ဆွဲပြီးတော့ ချုပ်ထားလိုက်တာ၊ ကျန်တဲ့လူတွေကို အဲဒီနေ့ကို ဆန္ဒမပြဖို့ရာအတွက် ဆိုင်တွေကိုလဲ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်နဲ့ ဓါတ်ပုံတွေရိုက်တာ၊ ရယက တွေ ရဲတွေပေါ့ဗျာ တစ်ဆိုင်ချင်း လက်မှတ်တွေ လိုက်ထိုးခိုင်းတာ ဒါပေမဲ့ ၇ ဦးလောက်ပဲထိုးမိတယ် လူပေါင်း ၂၀၀ ကျော်က တစ်ယောက်မှ မထိုးကြဘူး"

ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ မဝင်းခိုင်ဆိုသူ အမျိုးသမီးတစ်ယောက်လဲ အဖမ်းခံရမှာ စိုးရိမ်တာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လဲ ဆိုပါတယ်။

မိုးညှင်းမှာ အမှတ်တစ် မြို့မဈေးနဲ့ ညောင်ပင်ဈေးဆိုတာရှိပြီး အဲဒီညောင်ပင်ဈေးကို ၂၀၀၃ ခုနှစ်က ပျံကျဈေးအဖြစ် စတင်ဖွင့်လှစ်ခဲ့တာပါ။ အခုလက်ရှိနေရာနဲ့ ၂မိုင်လောက်ရှိတဲ့နေရာကို စည်ပင်သာယာက ရွှေ့ခိုင်းတာကြောင့် လွန်ခဲ့တဲ့ နိုဝင်ဘာလ ၁၈ ၇က်နေ့က ဈေးသူဈေးသား ၃၀၀ လောက် ရှိတဲ့အထဲမှာ ၂၀၀ လောက်က ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။