ဓာတ်ငွေ့ပိုက် နဲ့ လူ့အခွင့်အရေး ဆက်စပ်နေ

ကီလိုမီတာ ၂၈၀၀ ရှည်လျားတဲ့ ရွှေသဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံချက်ကြောင့် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက် ခံနေ ရတယ်လို့ ရွှေသဘာဝ ဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့ က ဒီနေ့ ထုတ်ဖော် ပြောကြား လိုက်ပါတယ်။

2011.09.06
shwe_gas_project_305_z.png ရခိုင်ပြည်နယ်မှ သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ ပို့ဆောင်မည့် ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းအတွက် ကျောက်ဖြူမြို့အနီးတွင် စက်ယန္တရားကြီးများဖြင့် လုပ်ကိုင်နေပုံ
Photo: Shwe Gas Movement

ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှာရှိတဲ့ နိုင်ငံခြား သတင်းထောက်များ အသင်းမှာ ကျင်းပတဲ့ ရွှေသဘာဝ ဓာတ်ငွေ့လှုပ်ရှားမှု အဖွဲ့ရဲ့ Sold Out အားလုံးကို ရောင်းလိုက်ပြီ ဆိုတဲ့ အစီရင်ခံစာ ထုတ်ပြန်ပွဲမှာ အဲဒီလို ပြောကြား လိုက်တာပါ။

ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံကို သွယ်တဲ့ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းနဲ့ ပတ်သက်ပြီး တင်ပြတဲ့ ဒီ အစီရင် ခံစာအကြောင်း ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှု အဖွဲ့ဝင် မဖြိုးဖြိုးက ပြောပြပါတယ်။

“နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုတာ ဒေသခံ လူထုအတွက် ဘာအကျိုးအမြတ်မှ မရှိဘူးပေါ့နော်။ ဆိုးကျိုးတွေပဲ ခံစားနေရတာပေါ့နော်၊ အခုဆို ကျမတို့ ရခိုင်ပြည်နယ်မှာ ရွှေသဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းနဲ့ ပတ်သက်ပြီးတော့ လူ့အခွင့်အရေး ချိုးဖောက် ခံနေရတာတွေ၊ အတင်း အဓမ္မ လုပ်အားပေး စေခိုင်းတာတွေ၊ နောက် မိန်းကလေးတွေ ဆိုလည်း ဆိုးကျိုးတွေ ဖြစ်စေတာပေါ့နော်၊ လယ်ယာမြေ သိမ်းပိုက်ခံရတာတွေကို အဓိကထား ထုတ်ပြန် ထားပါတယ်”

တရုတ်နိုင်ငံရဲ့ ပိုက်လိုင်း စီမံချက်ကြောင့် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်ပေါ်လာခြင်း ဆိုတဲ့ ခေါင်းစဉ် တပ်ထားတဲ့ ဒီအစီရင်ခံစာမှာ ပိုက်လိုင်း တည်ဆောက် နေတာနဲ့ ပတ်သက်တဲ့ ဓာတ်ပုံတွေ၊ မြေပုံတွေ ၊ အချက်အလက်တွေ၊ စီးပွားရေးအရ ဒေသခံတွေ နစ်နာဆုံးရှုံး ရတာတွေ၊ နေရပ် ရွှေ့ပြောင်း ခံရတာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေ၊ သဘာ၀ ပတ်ဝန်းကျင် ပျက်စီးရတာတွေ စတဲ့ အကြောင်း ချင်းရာတွေကို ကဏ္ဍ အလိုက် ဖော်ပြထားပါတယ်။

ရေနံနဲ့ သဘာဝ ပိုက်လိုင်း ဖြတ်သန်းတဲ့ ဒေသ အနီးတဝိုက်မှာ လက်နက်ကိုင် အဖွဲ့တွေနဲ့ အစိုးရ တပ်ဖွဲ့တွေ တိုက်ပွဲတွေ ဖြစ်လာ နိုင်တယ်လို့ အစီရင်ခံစာက ထောက်ပြပြီး လူ့အခွင့်အရေးကို အကာအကွယ် ပေးပြီး ကောင်းမွန်တဲ့ စံချိန်စံညွှန်းနဲ့ မညီတဲ့ ရင်းနှီး မြှုပ်နှံမှုမျိုး မဟုတ်ရင် ဒီ ရွှေသဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံချက်ကို ရပ်ဆိုင်း သင့်တယ်လို့ အစီရင်ခံစာမှာ တိုက်တွန်းထား ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။