နိုင်ငံတကာ စံအတိုင်းပေးဖို့ ရွှေစီမံ ကိန်း ဒေသခံတွေ တောင်းဆို


2013.05.02
pipe-lines-cnpc305 China National Petroleum Cooperation(CNPC)က ရခိုင်ပြည်နယ်အတွင်းမှာ အကောင်အထည်ဖော်နေတဲ့ ရေနံ ပိုက်လိုင်းစီမံကိန်းကို တွေ့ရစဉ်။
Photo:CNPC official website

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ တည်ဆောက်နေတဲ့ ရွှေသဘာ၀ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းအတွက် အဓမ္မသိမ်းယူထားတဲ့ လယ်ယာမြေတွေအပေါ်  နိုင်ငံတကာစံနှုန်း အတိုင်း လျော်ကြေးငွေပေးဖို့ပါဝင်တဲ့ အချက် ၁၂ ချက်ပါ ကြေညာချက်တစ်စောင်ကို အဖွဲ့အစည်း ၂၀ လောက်က စုပေါင်းပြီး ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းက အဲဒီအချက် ၁၂ ချက်ပါ တောင်းဆိုချက်တွေကို ကျောက်ဖြူဒေသခံ လူမှုအဖွဲ့အစည်းတွေနဲ့ ကျေးရွာပေါင်း ၁၇ ရွာက ပြည်သူ ၂၀၀၀၀ ကျော်က စုဝေးတိုင်ပင်ဆွေးနွေးခဲ့ကြပြီး အားလုံးရဲ့သဘောတူညီချက်အရ ခုလိုကြေညာချက် ထုတ်ပြန်ရတာလို့ ကျောက်ဖြူလူမှုကွန်ယက်အဖွဲ့ဝင် ကိုထွန်းလွင်က RFA ကို ပြောပါတယ်။

အဲဒီကြေညာချက်မှာ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း၊ ရေနံနဲ့သဘာဝဓါတ်ငွေ့ ပိုက်လိုင်းစီမံကိန်းများဆောင်ရွက်ရာမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပတ်သက်တဲ့ အကျိုးသက်ရောက်မှု အကဲဖြတ်သုံးသပ်ချက်နဲ့ လူမှုပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှု အကဲဖြတ်သုံးသပ်ချက်တွေကိုပြုလုပ်ပြီး ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ပြည်သူတွေကို အသိပေးဖို့၊ တရုတ်နိုင်ငံကို သွယ်တန်းမယ့် ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းရဲ့ ခိုင်ခန့်မှုတွေကို နိုင်ငံတကာ စံညွှန်းအတိုင်း ဆောင်ရွက်ပေးဖို့၊ ပိုက်လိုင်းတစ်လျှောက် ပေါက်ကွဲမှုမဖြစ်အောင် တာဝန်ယူပေးဖို့နဲ့ ပေါက်ကွဲမှုဖြစ်ခဲ့ရင်လည်း ဒေသခံတွေကို အသိပေးဖြေရှင်းပေးဖို့၊ ရခိုင်ပြည်နယ်ကထွက်ရှိတဲ့ ရွှေသဘာဝဓါတ်ငွေ့ကို နိုင်ငံခြားမတင်ပို့မီ ရခိုင်ဒေသအတွင်း ဖွံ့ဖြိုးရေးအတွက် သုံးစွဲနိုင်အောင် ဆောင်ရွက်ပေးဖို့စတဲ့ တောင်းဆိုချက်တွေ ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။