ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှာ တရုတ်နိုင်ငံပိုင် ရေနံပိုက်လိုင်းစီမံကိန်းကို ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့ ခေါင်းဆောင် ၁၀ ဦးကို ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ၊ ဥပဒေပုဒ်မ (၁၈) နဲ့ ကျောက်ဖြူမြို့နယ် တရားရုံးမှာ ဒီကနေ့စတင်စစ်ဆေးခဲ့ပါတယ်။
သက်ဆိုင်ရာ အာဏာပိုင်တွေက တရားလိုပြုလုပ်ပြီး တရားစွဲဆိုခဲ့တာဖြစ်တယ်လို့ တရားစွဲဆိုခံရသူတစ်ဦးဖြစ်တဲ့ ဦးထွန်းကြည်က RFA ကို ပြောပါတယ်။
ဒီကနေ့ ရုံးထုတ်စစ်ဆေးစဉ် မဒေးကျွန်းဒေသခံ ၅၀၀ လောက်က သူတို့ကိုပါ အရေးယူပေးဖို့ ကျောက်ဖြူမြို့နယ် တရားရုံးဘက်ကို လမ်းလျှောက်ချီတက်ခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီလိုချီတက်လာတဲ့အတွက် အာဏာပိုင်တွေဖက်က တရားရုံးပတ်ပတ်လည်မှာ လုံခြုံရေးတွေ အပြည့်ချထားခဲ့ပြီး တရားစွဲဆိုခံရတဲ့ ၁၀ ဦးကိုလည်း အာမခံနဲ့ ပြန်လည်လွှွတ်ပေးခဲ့ပါတယ်။ ချီတက်လာတဲ့ ဒေသခံတွေကလည်း တရားစွဲခံရသူတွေကို ပြန်လွှတ်ပေးတဲ့အတွက် လူစုခွဲလိုက်ကြပါတယ်။
မဒေးကျွန်းဒေသခံတွေဟာ ဆုံးရှုံးခဲ့တဲ့ လယ်ယာမြေတွေအတွက် နိုင်ငံတကာ စံချိန်စံနှုန်းအတိုင်း သတ်မှတ်လျော်ကြေးပေးဖို့၊ မဒေးကျွန်းဆိပ်ကမ်းကနေ ကျောက်တန်း၊ ရွာမ၊ ပန်းထိမ်ဆည် စတဲ့ကျေးရွာတွေရဲ့ ဆက်သွယ်ရေးကောင်းမွန်အောင် လုပ်ဆောင်ပေးဖို့၊ အလုပ်သမားကဒ်ပြား ရရှိထားတဲ့ဒေသခံတွေ အလုပ်အကိုင်ရရှိဖို့၊ လုပ်အားခတွေကို နိုင်ငံတကာ စံနှုန်းအတိုင်းပေးဖို့စတဲ့အချက် ၉ ချက်နဲ့ ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့က မဒေးကျွန်းပေါ်မှာရှိတဲ့ တရုတ်နိုင်ငံပိုင် China National Petroleum Cooperation(CNPC) ကုမ္ပဏီရုံးရှေ့မှာ တောင်းဆိုဆန္ဒပြခဲ့ကြတာပါ။
ဒီအမှုကို လာမယ့် မေလ ၁၆ ရက်နေ့ ထပ်မံရုံးချိန်းလိုက်တယ်လို့လည်း သိရပါတယ်။