၀န်ထမ်းလစာတိုးရေး ဖြစ်မြောက်အောင် ဆောင်ရွက်မယ်လို့ သူရဦးရွှေမန်းပြော

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ဝန်ထမ်းလစာ တိုးပေးရန် တင်သွင်းထားတဲ့အဆိုကို မိမိ နောက်ဆုတ်မှာမဟုတ်ကြောင်း၊ ပြည်ထောင်စုလွှတ်တော်ရဲ့ ထောက်ခံချက်နဲ့ အတည်ပြုရတာကြောင့် မဖြစ်မနေ ဆက်ပြီး ဆောင်ရွက်သွားမယ့်အကြောင်း ဒီကနေ့ ပြောဆိုပါတယ်။

ဒါ့အပြင် သူရဦးရွှေမန်းက အခုလို ဆောင်ရွက်နေတဲ့ပုံစံအတိုင်း လက်ရှိဥပဒေတွေ ပြင်ဆင်/ပြဋ္ဌာန်းရေးအတွက် နှေးနှေးကွေးကွေး ဆောင်ရွက်နေမယ်ဆိုရင် မိမိတို့ရဲ့ ၅ နှစ်ကြာ လွှတ်တော်သက်တမ်းအတွင်း ဆောင်ရွက်ရမယ့် လုပ်ငန်းတွေကို ပြည့်ဝအောင် ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ကြောင်းလည်း ပြောဆိုပါတယ်။ ဒီကနေ့ မနက် ၉ နာရီက ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် တွေ့ဆုံပွဲမှာ ဦးရွှေမန်းက ပြောဆိုသွားတာပါ။ ဒီကော်မရှင်အဖွဲ့ဟာ တည်ဆဲဥပဒေများကို လေ့လာသုံးသပ်ပြီး ပြင်ဆင်ရေး၊ အသစ်ပြဋ္ဌာန်းနိုင်ရေး စသည်တို့ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကတစ်ဆင့် လွှတ်တော်ကို တင်ပြနေပါတယ်။ ဒီကော်မရှင်မှာ နယ်ပယ် အလိုက်ကျွမ်းကျင်တဲ့ ပညာရှင်များ၊ စီပွားရေး လုပ်ငန်းရှင်များ ပါဝင်သလို သတင်း မီဒီယာတွေလည်း ပါဝင်ပါတယ်။ ကော်မရှင်တွေ့ဆုံပွဲမှာ သူရဦးရွှေမန်းက ဝန်ထမ်းလစာတိုးရင် ကုန်ဈေးနှုန်းမမြင့်အောင် ဆောင်ရွက်ဖို့ နည်းလမ်းရှာသင့်တယ်လို့ ပြောဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပညာရှင်များက ထောက်ခံဆွေးနွေးပါတယ်။ သူရဦးရွှေမန်းက ဝန်ထမ်းလစာ တိုးပေးသင့်ကြောင်း ပြောဆိုသလို ဖောင်းပွဝန်ထမ်း၊ ပိုလျှံဝန်ထမ်းဆိုတာနဲ့ ပတ်သက်တဲ့ကိစ္စကို သက်ဆိုင်ရာ ဌာနများကသာ ဆောင်ရွက်ဖို့ ပြောပါတယ်။ တစ်ဆက်တည်း လာမယ့် ဧပြီ ၁ ရက် ပြုလုပ်မယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ နိုင်ငံတကာ လေ့လာသူများကို ခွင့်ပြုသင့်ကြောင်းလည်း ကော်မရှင်ကို ချပြပါတယ်။ ဆွေးနွေးပွဲမှာ ကော်မရှင်အဖွဲ့ဝင် ပညာရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ သတင်းမီးဒီယာများ စုစုပေါင်း ၂၀၀ ခန့် တက်ရောက်ပါတယ်။