လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့်အဖွဲ့ EU ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ တွေ့ဆုံဆွေးနွေးရတာဟာ မြန်မာ့နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အတွက် ဆက်လက် ဆွေးနွေးရတဲ့ အခွင့်အလမ်းကောင်း တစ်ခုပါပဲလို့ အီးယူ ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာနဲ့ လုံခြုံရေးမူဝါဒဆိုင်ရာ အကြီးအကဲ Ms Catherine Ashton က ပြောကြားလိုက်ပါတယ်။

ဘယ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ကို ရောက်ရှိနေတဲ့ ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ မနေ့ညက တွေ့ဆုံခဲ့ပြီး ကချင်ပြည်နယ်က ပဋိပက္ခ ဖြေရှင်းရေး နောက်ဆုံးကြိုးပမ်းမှု အပါအဝင် တိုင်းရင်းသားဒေသတွေက အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ အီးယူက ဒီနေ့ထုတ်ပြန်တဲ့ သတင်းကြေညာချက်မှာ ပါရှိပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းနဲ့ အဖွဲ့ဟာ ဥရောပသမဂ္ဂ ဥက္ကဋ္ဌ မစ္စတာ Herman Vam Rompuy နဲ့လည်း ဥရောပပါလီမန်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အီးယူ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ သူရဦးရွှေမန်းတို့ ပထမဆုံးကြိမ် တွေ့ဆုံဆွေးနွေးမှုဟာ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ မြန်မာနိုင်ငံ ပြန်လည်ဝင်ရောက်ဖို့အတွက် အလားအလာကောင်းတစ်ခု ဖြစ်တယ်လို့ ဥရောပသမဂ္ဂ အရာရှိတွေက ပြောပါတယ်။

အီးယူ ဥရောပသမဂ္ဂဟာ ပြီးခဲ့တဲ့လက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေ ရပ်ဆိုင်းခဲ့တာဖြစ်ပြီး မနက်ဖြန်မှာ စတင် အသက်ဝင်တော့မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ၁၉၉၀ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ခဲ့တဲ့ Sakharvov ဆုကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ယူဖို့ အတွက်ကိုလည်း အီးယူပါလီမန်က ထပ်မံ တိုက်တွန်းခဲ့ပါတယ်။