ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းက ရရှိတဲ့အကျိုးအမြတ်ကို ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ဒေသခံတွေလည်း ခံစားခွင့် ရှိရမှာ ဖြစ်ကြောင်း ဒေသခံကျေးရွာတွေ က ရွာသူ ရွာသားတွေ စည်းဝေးဆုံးဖြတ်ခဲ့ကြပါတယ်။
ကျောက်ဖြူမြို့နယ် နှမ်းဖဲတောင်ကျေးရွာမှာ ကျင်းပခဲ့တဲ့ အဲဒီအစည်းအဝေးကို ဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်း သွားတဲ့ ကြတ္တိန်၊ သပြုတောင်၊ မင်းပြင်၊ ချောင်းဝ၊ သဖန်းချောင်း စတဲ့ ကျေးရွာပေါင်း (၂၀) ကျော်က ဒေသခံတွေ တက်ရောက်ခဲ့ပါတယ်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းက ထွက်ရှိတဲ့ သတာဝဓာတ်ငွေ့တွေကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက်နေ့က စပြီး တရုတ်နိုင်ငံကို စတင် ပို့လွှတ်နေပြီး၊အဲဒီဓာတ်ငွေ့ရောင်းရတဲ့ အကျိုးအမြတ်ကို ကျောက်ဖြူဒေသလည်း ခံစားနိုင်ခွင့်ရှိဖို့အတွက် နိုင်ငံတော်သမ္မတထံ တင်ပြတောင်းဆိုကြမယ်လို့ အစည်း အဝေးမှာ ဆုံးဖြတ်ခဲ့ကြပါတယ်။
ဒေသခံတွေရဲ့တောင်းဆိုချက်တွေ ကို (၃) ပတ်အတွင်း အစိုးရက မတုံ့ပြန်ဘူးဆိုရင် ဆန္ဒပြကြမယ်လို့ လည်း ဆုံးဖြတ်ခဲ့ကြကြောင်း သိရပါတယ်။