ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ မလက်တိုကျေးရွာအုပ်စု ပလောင်ရွာမှာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလကုန်ပိုင်းက လယ်သမားနဲ့ ရဲတပ်ဖွဲ့ဝင်တွေဖြစ်ခဲ့တဲ့ အရေးအခင်းနဲ့ပတ်သက်လို့ ပြေလည်အောင် ကြားဝင်ဆောင်ရွက်ပေးခဲ့တဲ့ ရွှေညဝါဆရာတော် ဦးပညာသီဟကို ဧရာဝတီတိုင်းအစိုးရက ဂုဏ်ပြုလိုက်ပါတယ်။
ဆရာတော်ရဲ့ညှိနှိုင်းမှုအရ ဒေသခံလယ်သမားတွေကို လယ်တချို့ပြန်ပေးမှာဖြစ်သလို အင်းတွေမှာ ငါးဖမ်းခွင့်ရအောင် ဆောင်ရွက်ပေးမယ်လို့လည်း အာဏာပိုင်တွေက သဘောတူထားတယ်လို့ လယ်သမားတွေနဲ့မနေ့ကတွေ့ဆုံခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုဉာဏ်လင်းက RFA ကို ပြောပါတယ်။
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့အဖွဲ့ ပလောင်ရွာက လယ်သမားတွေနဲ့ မနေ့နေ့လည်ကတွေ့ဆုံပြီး လယ်သမားတွေရဲ့အခြေအနေကို ဆွေးနွေးဟောပြောခဲ့ပါတယ်။
အဲဒီဟောပြောပွဲမှာ ကိုမင်းကိုနိုင်က လယ်သမားတွေအနေနဲ့ ကိုယ့်ရပိုင်ခွင့်အတွက် ရဲရဲတောင်းဆိုရမှာဖြစ်ပေမယ့် ပဋိပက္ခတွေအတွက် ဥပဒေဘောင်အတွင်းကနေ ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းတဲ့နည်းကို ရွေးချယ်ကြဖို့ တိုက်တွန်းပြောဆိုခဲ့တယ်လို့သိရပါတယ်။