ရွှေတိဂုံ အနောက်ဘက်မုခ်မှာ တစ်ဆိုင်၊ သွေးဆေးကန်နားမှာ တစ်ဆိုင် ဖွင့်ထားပြီး စာအုပ်စာတမ်းတွေ၊ တီရှပ်နဲ့ ကချင်ရိုးရာပစ္စည်းတွေကို ဖေဖော်ဝါရီ ၂၅ ရက်ကနေ မတ်လ ၇ ရက်ထိ ရောင်းချနေတာပါ။ ကချင်ရိုးရာ အမျိုးသားဝတ် လုံချည်တွေ၊ အမျိုးသမီးဝတ် ထဘီတွေ၊ ပုဂံတိုက်ထုတ် စာအုပ်တွေနဲ့ စိတ်ကူးချိုချိုတိုက်ထုတ် စာအုပ်တွေ၊ တချို့စာရေးဆရာတွေ လာပေးထားတဲ့စာအုပ်တွေ ပါဝင်ကြောင်း ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကိုက အာအက်ဖ်အေကို ပြောပါတယ်။ ဒါ့အပြင် ပန်းချီဆရာတွေက လာတဲ့ဧည့်သည်တွေအတွက် တစ်ပုံကို ကျပ်နှစ်ထောင်နှုန်းနဲ့ ပုံတူပန်းချီ ချက်ချင်းဆွဲပေးနေပြီး အဲဒီရငွေ အားလုံးကိုလည်း စစ်ဘေးဒုက္ခသည်တွေအတွက် လှူလိုက်တယ်လို့ သိရပါတယ်။ အခု သုံးရက်အတွက် ဆိုင်နှစ်ဆိုင်ပေါင်း ရောင်းလို့ရတဲ့အမြတ်ငွေ လေးသိန်းလောက်ရှိနေပြီး ဈေးရောင်းပွဲမပြီးခင်မှာ ကချင်ပြည်နယ်ကိုသွားဖို့ စီစဉ်ထားတယ်လို့ ဈေးရောင်းပွဲကို ဦးစီးနေတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဘိုဘိုက ပြောပါတယ်။
