တရုတ်ပိုက်လိုင်း စီမံကိန်းကို သတ်မှတ်တဲ့အတိုင်း ပြီးအောင်ဆောင်ရွက်မယ်

ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို သွယ်နေတဲ့ရေနံနဲ့ ဓါတ်ငွေ့ပိုက်လိုင်း သွားရာလမ်းဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်ခဲ့ပေမယ့် စီမံကိန်းကို နှောင့်နှေးကြန့်ကြာမှုမရှိပဲ သတ်မှတ်ထားတဲ့ကာလအတိုင်း ဆောင်ရွက်နိုင်မယ်လို့ စွမ်းအင်ဝန်ကြီးဌာနအကြီးအကဲ ဦးဌေးအောင်က ပြောဆိုကြောင်း အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဟူစတန်မြို့အခြေစိုက် energy tribune ဝက်ဘ်ဆိုက်မှာ ဖေါ်ပြထားပါတယ်။

အဲဒီပိုက်လိုင်းကနေ လာမယ့်ဇူလိုင်လမှာ ဓာတ်ငွေ့တွေ စတင်ပို့လွှတ်တော့မှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံအခြေစိုက် ရွှေဂက်စ်လှုပ်ရှားမှုအဖွဲ့က ကိုဝင်းအောင်ကတော့ တိုက်ပွဲတွေကြောင့် ဓါတ်ငွေ့စလွှတ်မယ့်အချိန်ကာလ ရှည်သွားနိုင်တယ်လို့ ပြောဆိုပါတယ်။

စင်္ကာပူနိုင်ငံ အမျိုးသားတက္ကသိုလ်က တရုတ်လူမျိုး ဧည့်ပါမောက္ခတစ်ဦးဖြစ်တဲ့ ဂျိုဟောင်က တိုက်ပွဲတွေဟာ မြန်မာအစိုးရနဲ့ တရုတ်ကုမ္ပဏီတွေအတွက်တော့ စိုးရိမ်စရာဖြစ်တယ်လို့ဆိုပါတယ်။

တရုတ်နိုင်ငံပိုင် CNPC ကုမ္ပဏီရဲ့ စီမံကိန်းဟာ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကနိုင်ငံတွေကနေ တစ်ရက်ကို ရေနံစည်ပေပါ ၄ သိန်း ၄ သောင်းသယ်လာပြီး ရခိုင်ကမ်းရိုးတန်းကနေ ယူနန်ပြည်နယ်ကို ပို့မှာဖြစ်သလို၊ မြန်မာ့ကမ်းလွန်ကထွက်တဲ့ သဘာဝဓါတ်ငွေ့ကို တနှစ်မှာ ကုဗမီတာသန်းပေါင်း တစ်သောင်းနှစ်ထောင်လောက် တင်ပို့မှာဖြစ်ပါတယ်။