မြေသိမ်းမှုတွေမှာ ပြည်သူတွေ မနစ်နာအောင် လုပ်ဆောင်ဖို့ ဦးရွှေမန်းပြော

မြန်မာအစိုးရက လုပ်ကိုင်နေတဲ့ စီမံကိန်းတွေမှာ ပြန်လည်စဉ်းစား သုံးသပ်စရာတွေ ရှိလာတဲ့အတွက် ပြည်သူလူထုဘက်ကနေ အမျှတဆုံးဖြစ်အောင် လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်အနေနဲ့ ဆောင်ရွက်ပေးသွားမယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ပြောကြားလိုက်ပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဒဂုံမြို့သစ်(မြောက်ပိုင်း) မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးက အစိုးရစီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ စီစဉ်ပြီးကာမှ ဆက်မလုပ်ဖြစ်တော့တာတွေနဲ့ ပတ်သက်ပြီး မေမြန်းထားတာကို သူရဦးရွှေမန်းက ပြန်လည်ဖြေကြားခဲ့တာပါ။

ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ အဆိုတင်သွင်းတဲ့အခါမှာ မလိုအပ်တာတွေကို အချိန်အကြာကြီးမပြောပဲ လိုရင်းအချက်တွေကိုသာ မေးမြန်းသင့်တယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ပြောကြားပါတယ်။

ဒီကနေ့ အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ၆ ဦးက မေးခွန်းတွေမေးမြန်းခဲ့ပြီး သန်းခေါင်စာရင်း ဥပဒေကြမ်းကို ဆွေးနွေးခဲ့ပါတယ်။