သူရဦးရွှေမန်း နေအိမ်အကျယ်ချုပ် ချခံထားရခြင်းမရှိကြောင်း သားဖြစ်သူ ပြော

0:00 / 0:00

ပြည်သူ့လွှတ်တော် ဥက္ကဌ၊ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းဟာ နေအိမ်မှာ ဖမ်းဆီးထိန်းသိမ်း ခံထားရတယ်ဆိုတာ မဟုတ်ကြောင်း မိသားစုက ပြောပါတယ်။

ပြည်ခိုင်ဖြိုးပါတီ ပူးတွဲဥက္ကဌ သူရဦးရွှေမန်း တာဝန်ကဖယ်ရှားခံရပြီးနောက် ထွက်ပေါ်နေတဲ့ ကောလာဟလတွေနဲ့ ပတ်သက်လို့ RFA က ဆက်သွယ်မေးမြန်းရာမှာ သားဖြစ်သူ ဦးတိုးနိုင်မန်း အခုလို ပြောကြားတာပါ။

"ကောလာဟလထွက်နေကြတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း အကျယ်ချုပ်ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရတယ်ဆိုတာ မဟုတ်ပါဘူး၊ သူ့ရဲ့ပုံမှန်လွှတ်တော်ဆိုင်ရာကိစ္စတွေ သူဆက်လက်ဆောင်ရွက်နေပါတယ်၊ သူ့ရဲ့နဂိုမူရင်းလုံခြုံရေးအဖွဲ့အစည်းက လုံခြုံရေးယူထားပေးတဲ့ ပုံစံအတိုင်းပဲ ဆက်လက်သွားလာနေပါတယ်"

အခုလို အခြေအနေဖြစ်ပေါ်လာမယ်ဆိုတာ ကြိုတင်မျှော်လင့်ထားပြီးဖြစ်ကြောင်း၊ ဘယ်အချိန်မှာ ပေါ်ပေါက် လာမယ်ဆိုတာကိုသာ ကြိုတင်မသိခဲ့ကြောင်းလည်း သူ့ဖခင် ပါတီခေါင်းဆောင် ရာထူးဖယ်ရှားခံရတာနဲ့ ပတ်သက်လို့မေးမြန်းရာမှာ ဦးတိုးနိုင်မန်းက ပြောပါတယ်။

ဒါ့အပြင် ဦးတိုးနိုင်မန်းရဲ့ ချယ်ရီ FM ရေဒီယိုကို အစိုးရက ပိတ်ပင်လိုက်တယ်ဆိုတာ မဟုတ်မှန်ကြောင်း၊ ချယ်ရီ FM ဟာ လောလောဆယ်မှာ နည်းပညာမှားယွင်းချွတ်ချော်မှုကြောင့် မထုတ်လွှင့်နိုင်တာသာ ဖြစ်ကြောင်း သူက ပြောပါတယ်။

ဦးတိုးနိုင်မန်းရဲ့ ပြောကြားချက်တချို့ကို RFA သတင်းထောက် မဇင်မာဝင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။