ရွှေပါရမီကျန်းမာရေး ဖောင်ဒေးရှင်း ရခိုင်ပြည်နယ်မှာ အခမဲ့ ဆေးကုသပေး


2015.12.11
shweparami-foundation-rakhine-620.jpg ရွှေပါရမီ ကျန်းမာရေးဖောင်ဒေးရှင်းက ဒီဇင်ဘာလ ၁၁ ရက်နေ့က ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့မှာ အခမဲ့ဆေးကုသမှုပြုလုပ်စဉ်
Photo: Min Thein Aung/RFA

ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိကဦးစီးတဲ့ ရွှေပါရမီကျန်းမာရေး ဖောင်ဒေးရှင်းဟာ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့မှာ ဒီနေ့ကစပြီး ၃ရက်အတွင်း လူနာပေါင်း တစ်သောင်းကျော်ကို အခမဲ့ဆေးကုသပေးနေပါတယ်။

ဒီနေ့ ဆေးကုသမှု ခံယူဖို့ လာရောက်ကြတဲ့ ဒေသခံတွေထဲမှာ မျက်စိရောဂါဝေဒနာ ခံစားနေရတဲ့သူတွေ အများဆုံးတွေ့ရတယ်လို့ ရွှေပါရမီကျန်းမာရေး ဖောင်ဒေးရှင်းရဲ့ ဥက္ကဌ ဦးရှိန်ဝင်းက ပြောပါတယ်။

"ရွှေပါရမီကျန်းမာရေး ဖောင်ဒေးရှင်းရဲ့ခရီးမှာ ပြောမယ်ဆိုရင် မျက်စိရောဂါနဲ့ ပတ်သက်ပြီးတော့ အရမ်းပဲဆိုးဝါးပြီးတော့ ခံစားနေရတာ ကျနော်တို့ တွေ့ရှိရပါတယ်၊ မျက်စိရောဂါ အလွန်များပါတယ်၊ ကျနော်တို့ စာရင်းဇယားကောက်ပြီးမှ တစ်ယောက်မကျန် စာရင်းရတဲ့လူတွေအားလုံးကို ကုသပေးမှာဖြစ်ပါတယ်၊ ပြီးလို့ရှိရင် ၁၁၊ ၁၂၊ ၁၃ မှာ ကျနော်တို့ခွဲမယ်၊ ပြီးတော့ ၁၄၊ ၁၅၊ ၁၆ မှာလည်း မျက်သားတက်တာတို့ မျက်စိအမွှေးစူးတာတို့  စသဖြင့် မျက်စိနဲ့ပတ်သက်ပြီးတော့ ဆက်လက်ပြီးတော့ စောင့်ရှောက်ပေးသွားမှာဖြစ်ပါတယ်"

ရွှေပါရမီ ကျန်းမာရေးဖောင်ဒေးရှင်းမှာ သမားတော်တွေနဲ့ ဆရာဝန်ပေါင်း ၆၀ ကျော်ပါဝင်ပြီး တစ်နေ့ကို လူနာပေါင်း ၄ ထောင်ကျော် နဲ့ ၃ ရက်အတွင်း လူနာပေါင်း ၁၂၀၀၀ ကျော်ကို ကုသပေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

မျက်စိဝေဒနာရှင်၊ သွားနဲ့ခံတွင်း၊ အရိုးအကြော၊ ဆီး၊ ကျောက်ကပ်၊ ကလေးရောဂါနဲ့ တခြားအထွေထွေရောဂါ အားလုံးကို ကုသပေးတာဖြစ်ပြီး လူနာအခြေအနေပေါ် မူတည်ပြီး လိုအပ်ရင် ပုဏ္ဏားကျွန်းဆေးရုံနဲ့ စစ်တွေဆေးရုံ ကြီးတွေမှာ ခွဲစိပ်ကုသပေးနေတယ်လို့လည်း သိရပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်ဟာ ကျန်းမာရေးစောင့်ရှောက်မှု အများဆုံး လိုအပ်နေတဲ့ဒေသဖြစ်တာကြောင့် ရွှေပါရမီ ကျန်းမာရေးဖောင်ဒေးရှင်းရဲ့ အခမဲ့ကျန်းမာရေး ဆေးကုသမှုအစီအစဉ်အတွက် ပုဏ္ဏားကျွန်းမြို့ကို ရွေးချယ်ခဲ့တာ လို့ ဖောင်ဒေးရှင်းတာဝန်ရှိသူတွေက ပြောပါတယ်။

ဒီနေ့စတင်တဲ့ အခမဲ့ကျန်းမာရေးဆေးကုသမှု အစီအစဉ်မှာ ပုဏ္ဏားကျွန်းမြို့နယ်အပြင် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးစတဲ့ မြို့နယ်တွေက ဒေသခံပေါင်း ၇၀၀၀ လောက် လာရောက်ခဲ့ကြပါတယ်။ ဒါ့အပြင် ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်းအနေနဲ့ ဆေးကုသမှုအစီအစဉ်အပြီးမှာ ပုဏ္ဏားကျွန်းမြို့နယ်အတွက် ယင်လုံအိမ်သာ ၇၀၀ ကျော်ကို ပေးအပ်လှူဒါန်းသွားမယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။