ရွှေပေါက္ကံပဋိပက္ခ ရွာသား ၄ ဦး ဒဏ်ရာရ

ရန်ကုန်မြို့ ရွှေပေါက္ကံမြို့နယ်က ဆင်ဖုန်ရွာကို ဒီနေ့ လူအင်အားငါးရာလောက်က ဝင်ရောက်ဖျက်ဆီးရာ မှာ ကျေးရွာသားတွေနဲ့ အပြန်အလှန်တိုက်ခိုက်မှုဖြစ်ပြီး ဒဏ်ရာပြင်းထန်တဲ့ ကျေးရွာသား လေးဦး ကို မြောက်ဥက္ကလာဆေးရုံမှာ တင်ထားရပါတယ်။

ဒီနေ့ မနက်က ဆင်ဖုန်ရွာကို ဝင်ရောက်အကြမ်းဖက် တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး ဆင်ဖုန်ရွာသား ကိုအောင်ကျော်က အခုလို ပြောပါတယ်။

"ဆင်ဖုန်ရွာကနေပြီးတော့ ဘုန်းကြီးကျောင်းကို ကျနော်တို့လည်း ခွေးပြေးဝက်ပြေး ပြေးလာရပါတယ်၊ အဲ့ဒီမှာ အခုတ်ခံရတဲ့သူတွေလည်း အခုတ်ခံရပြီးလဲနေပါတယ်ခင်ဗျ၊ ကျနော်တို့လည်း မဆွဲနိုင်ဘူး၊ ပထမ သူတို့က ကျနော်တို့ အိမ်တွေကိုနင်းတဲ့ဘက်ကနေပြီးတော့ လူအင်အားပြပြီးတော့ အဓမ္မစက်ယန္တရားတွေနဲ့ဝင်ပြီးတော့ ဖျက်ပြီးသားအိမ်တွေကို ပြန်ကြိတ်ပါတယ်ခင်ဗျ၊ ခြံစည်းရိုးတွေခတ်ပါတယ် ကျနော်တို့ရွာသားတွေ စုပြီးတော့ ကြည့်နေပါတယ်၊ ကြည့်နေတဲ့အချိန်မှာ လူမိုက်တွေက အနောက်ဘက်ကနေ ကားတွေနဲ့ဆင်းလာ ပြီးတော့ အော်ပြီးတော့ဝင်လာပါတယ်ခင်ဗျ၊ ကုန်းသီးတွေနဲ့ ပစ်ပါတယ်ခင်ဗျ၊ ဝါးတွေနဲ့ ကျောက်စရစ်ခဲတွေနဲ့ ကျနော်တို့ ပြန်ပစ်ပါတယ်ခင်ဗျ၊ ပြန်ပစ်တော့ သူတို့က အင်အားများတော့ မနိုင်ပါဘူးခင်ဗျ၊ မနိုင်တော့ ကျနော်တို့ကို ဓါးတွေနဲ့လည်းခုတ်ပါတယ်ခင်ဗျ၊ ပြေးတဲ့လူလည်း ပြေးပါတယ်"

ဆင်ဖုန်ကျေးရွာဟာ ဇေကမ္ဘာကုမ္ပဏီပိုင်ဆိုင်တဲ့ မြေနေရာမှာလို့သိရပြီး လွန်ခဲ့တဲ့ ၁၇ နှစ်လောက်က အဲ့ဒီမှာနေထိုင်ခဲ့သူတွေကို ရွှေပေါက္ကံ ၁၁ ရပ်ကွက်ကို မြေနေရာတွေဝယ်ခိုင်းပြီး ပြောင်းရွှေ့ဖူးပါတယ်။

လက်ရှိကျန်နေသူတွေက ပြောင်းရွှေ့စဉ်မှာ မပါသူတွေနဲ့ နောက်ထပ်အခြေချ နေထိုင်သူတွေလို့ ဆင်ဖုန်ရွာက ဆရာတော်ဦးသုဇာတကမိန့်ပါတယ်။ မနေ့ကလည်း အလားတူတိုက်ခိုက်ပြီး အိမ်တွေကို လူ ၂ ရာလောက်က ဝင်ရောက်ဖျက်ဆီးခဲ့ပါတယ်။ ဆင်ဖုန်ရွာက အိမ်တွေပျက်စီးကုနု်တာကြောင့် ကျေးရွာသား လေးရာနီးပါးလောက် ဟာ ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေရပါတယ်။