နိုင်ငံတော် သံဃမဟာနာယက ပြန်ဖွဲ့စည်းရေး လှုပ်ရှားမှုစတင်

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကို သံဃာထုတွေရဲ့ ဆန္ဒနဲ့အညီ ပြန်လည်ဖွဲ့စည်းပေးဖို့ တောင်းဆိုတဲ့ သံဃာတွေရဲ့ လက်မှတ်တွေကို ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ဆရာတော်တချို့က ကောက်ယူနေပြီ ဖြစ်ပါတယ်။

လက်ရှိဖွဲ့စည်းထားတဲ့ သံဃမဟာနာယကအဖွဲ့ဟာ အစိုးရက ဖွဲ့စည်းပေးထားတာဖြစ်တဲ့အတွက် သံဃာတွေ ရွေးကောက်တင်မြှောက်တဲ့ သံဃမဟာနာယကအဖွဲ့ ပြန်လည်ပေါ်ပေါက်လာဖို့ အခုလိုတောင်းဆိုတာ ဖြစ်တယ်လို့ မန္တလေးမြို့ ကံတက်ကုန်းဆရာတော် ဦးတေဇောဘာသက မိန့်ပါတယ်။

"လုပ်ထုံးလုပ်နည်းအရ ၅ နှစ်တစ်ကြိမ် ပြောင်းရတာလေ၊ ၅ နှစ်တစ်ကြိမ် ရွေးကောက်ပွဲလုပ်ရတဲ့သဘောမျိုး၊ အဲ့လိုမလုပ်လို့ သူတို့အစိုးရခိုင်းတဲ့ ဘုန်းကြီးတွေပဲ ဖွဲ့စည်းပြီးတော့ အစိုးရခိုင်းတဲ့အတိုင်းပဲလုပ်နေလို့ လုပ်တဲ့ အခါမှာလည်း တချို့ကိစ္စကြီးငယ်တွေမှာ မမှန်မကန်လုပ်တာတွေ၊ လာဘ်ပေးလာဘ်ယူတို့၊ မတရားလုပ်တာတို့ ဥပမာ သန္တိသုခကျောင်းမျိုးပေါ့၊ အစိုးရခိုင်းတဲ့အတိုင်း သံဃအဖွဲ့ကလုပ်တာ၊ အဲ့လိုအကျင့်ပျက်ပြီးတော့ ဗရမ်းဗတာဖြစ်နေတဲ့အတွက်ကြောင့် သံဃအဖွဲ့အစည်းကို တကယ်စနစ်တကျပြန်ပြီးတော့ဖွဲ့စည်းဖို့ လိုအပ်တယ်ဆိုတဲ့အကြောင်းကို သံဃာထုကနေ တောင်းဆိုဖို့လုပ်တာပါ"

သံဃာတွေရဲ့ လက်မှတ်တွေကို ဒီဇင်ဘာလကုန်ထိ ကောက်ခံသွားမှာဖြစ်ပြီး ရရှိလာတဲ့လက်မှတ်တွေ ကို ပြည်ထောင်စုအစိုးရနဲ့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ထံ ပေးပို့သွားမယ်လို့ သိရပါတယ်။

ရန်ကုန်နဲ့ မန္တလေးမြို့မှာရှိတဲ့ ကျောင်းထိုင်ဆရာတော်အပါး ၅၀ လောက်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့က ကံတက်ကုန်းကျောင်းတိုက်မှာ အစည်းအဝေးကျင်းပခဲ့ပြီး အခုလိုလက်မှတ်တွေကောက်ခံဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။