ရွေးကောက်ပွဲ ကော်မရှင် အသစ် ပြန်ဖွဲ့စည်းဖို့ လက်မှတ်ထိုး

0:00 / 0:00

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဖျက်သိမ်းပြီး အသစ်ပြန်လည်ဖွဲ့စည်းပေးဖို့ လက်မှတ်ရေးထိုးတောင်းဆိုပွဲကို ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ်က အမေ့အိမ်ကျောင်း ခန်းမမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။

လက်ရှိပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ ဖွဲ့စည်းထားတာမဟုတ်တဲ့အတွက် အသစ်ပြန်လည်ဖွဲ့စည်းပေးဖို့ တောင်းဆို တာဖြစ်တယ်လို့ လက်မှတ်ရေးထိုးပွဲကို ဦးဆောင်ကျင်းပတဲ့ ပြည်သူ့လှုပ် ရှားမှုမြှင့်တင်ရေးကွန်ရက် အတွင်းရေးမှူး ကိုမြတ်ကျော်က ပြောပါတယ်။

" ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြထားတာက တရားလွှတ်တော်ချုပ် တရားသူကြီးတွေ ၅ နှစ်၊ တရားရေး ဝန်ထမ်းတွေနှစ် ၂၀ ထမ်းဆောင်ဖူးတဲ့သူ မှ ရွေးကောက်ပွဲကော်မရှင်မှာ လုပ်လို့ရမယ်လို့ပြောထား တယ်၊ နောက်ပြီးတော့ နိုင်ငံရေးပါတီဝင်မဖြစ်ရဘူး၊ ဒါတွေ ပြောထားတယ်၊ ဒါပေမဲ့ ရွေးကောက် ပွဲကော်မရှင် ဥက္ကဌ ကိုယ်တိုင်က စစ်ဗိုလ်ချုပ် ထွက်၊ ကြံခိုင်ရေးပါတီက တာဝန်ရှိသူတစ်ယောက်၊ လွှတ်တော်အမတ် တစ်ယောက် ဖြစ်နေပြီ၊ အဲ့တော့အဲ့ပါတီတစ်ရပ်ကနေ ကိုယ်စားပြုတဲ့ သမ္မတက ခန့်တဲ့ ရွေးကောက်ပွဲ ကော်မရှင် ဒိုင်လူကြီးက ၂၀၁၅ ရွေးကောက်ပွဲမှာ ကြီးကြပ်မယ်ဆိုရင်တော့ တရားမျှတမှုမရှိနိုင်ဘူး၊ အဲ့တော့ ဥပဒေနဲ့အညီ ဖွဲ့စည်းပေးဖို့ပြောချင်တယ်"

အဲ့ဒီလက်မှတ်ရေးထိုးပွဲကို တက်ရောက်လာသူ ၁၀၀ ကျော်က ပါဝင်လက်မှတ် ရေးထိုးခဲ့ပြီး ဥပဒေပညာရှင် ဦးဌေး ဦး နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့ အစည်း က ကိုမင်းဇေယျာတို့က ရွေးကောက်ပွဲတွေ နဲ့ ရွေးကောက်ပွဲကော်မရှင်တို့ အကြောင်း ဟောပြောခဲ့ပါတယ်။

အလားတူ လက်မှတ်ရေးထိုးပွဲတွေကို ထပ်မံကျင်းပသွားမှာဖြစ်ပြီး ရရှိလာတဲ့ လက်မှတ်တွေကို နိုင်ငံတော်သမ္မတ နဲ့ ပြည်ထောင်စုလွှတ်တော်ထံ တင်ပြမယ်လို့ သိရပါတယ်။

ဥပဒေပညာရှင် ဦးဌေးဦး ကို RFA သတင်းထောက် မဝေယံမိုးမြင့် က မေးမြန်းတင်ပြထားပါတယ်။