စင်္ကာပူကုမ္ပဏီ ဓါတ်အားပေး စက်ရုံဆောက်ခွင့်ရ

မြန်မာအစိုးရ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက စင်္ကာပူအခြေစိုက် Sembcorp ကုမ္ပဏီကို မြန်မာနိုင်ငံမှာ ဓါတ်ငွေ့လောင်စာသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံတစ်ခု ဆောက်လုပ်ပြီး ဓါတ်အားတွေကို ရောင်းချခွင့်ပေး လိုက်ကြောင်း မနေ့က ရတဲ့ သတင်းတွေမှာဖေါ်ပြထားပါတယ်။

မန္တလေးတိုင်း မြင်းခြံမြို့နယ်မှာ အမေရိကန် ဒေါ်လာသန်း ၃ဝဝ အကုန်အကျခံပြီး တည်ဆောက်မယ့် အဲ့ဒီ ဓါတ်အားပေးစက်ရုံကနေ ၂၂၅ မီဂါဝပ်ထုတ်လုပ်ပေးနိုင်မယ်လို့ ဆိုပါတယ်။

မြန်မာပြည်မှာ အကြီးဆုံး ပုဂ္ဂလိကပိုင် လျှပ်စစ်ဓါတ်အားပေးစက်ရုံဖြစ်လာမယ့် အဲ့ဒီစက်ရုံကို ၂ဝ၁၇ ခုနှစ်အတွင်းပြီးစီးအောင် ဆောက်လုပ်ရမှာဖြစ်ပြီး ထွက်လာတဲ့ဓါတ်အားတွေကို မြန်မာအစိုးရက ၂၂ နှစ်ကြာဝယ်ယူဖို့ သဘောတူထားပါတယ်။ အစုရှယ်ယာ ၈ဝ%ကို စင်္ကာပူကုမ္ပဏီကပိုင်ဆိုင်မယ်လို့ သိရပေမယ့် ကျန် ၂ဝ % ကိုဘယ်သူတွေက ပိုင်ဆိုင်မှာလဲ ဆိုတာတော့ သတင်းတွေမှာ ဖေါ်ပြမထားပါဘူး။