သီချင်း သီဆိုခွင့် ပိတ်ပင်ကန့်သတ်

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အတွက် ထောက်ခံရပ်တည်ပေးကြတဲ့ အဆိုတော်တချို့ကို သြင်္ကန် ရေကစားမဏ္ဌပ်မှာ သီဆိုဖျော်ဖြေဖို့ ပြောဆိုထားပြီးမှ မဏ္ဌပ် စီစဉ်ကြီးကြပ်သူတွေက သက်ဆိုင်ရာက ငြိုငြင်မှာပူပန်ပြီး စတိတ်ရှိုးတွေမှာ သီဆိုခွင့် ပိတ်ပင်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

အခုလောလောဆယ် အပိတ်ခံနေရတဲ့ အဆိုတော်တွေက လင်းလင်း၊ ထူးအယ်လင်း၊ မီးမီးခဲနဲ့ ဘရိတ်ကီတို့ ဖြစ်တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ အဆိုတော် လင်းလင်းက RFA ကို အခုလိုပြောပါတယ်။

"ကျွန်တော်က လွန်ခဲ့တဲ့ ၁ လဝန်းကျင်လောက် ကတည်းက ဒီသြင်္ကန်မဏ္ဍပ်နဲ့ ပတ်သက်ပြီး ဆိုဖို့အတွက် ညှိနှိုင်းတာရှိတယ်။ အဲဒီမှာ ညှိနှိုင်းအဆင်ပြေပြီးတော့မှ စာချုပ်ချုပ်ဖို့ လုပ်ခါနီးကျတော့ အမေစုနားကလူမို့လို့ သူတို့လူကြီး စိတ်ဆိုး စိတ်ကောက်မှာကြောက်လို့ မခေါ်ဖြစ်တော့ဘူးလို့ ပြောတယ်ဗျ။ အဲဒီလိုမျိုး နှစ်ခါဖြစ်တယ်။ ကိုဘရိတ်ကီလည်း အဲဒီလို သွားခါနီးကျမှ NLD ပွဲမှာ သီချင်းလိုက်ဆိုထားလို့ ဆိုပြီးတော့ ဒီသြင်္ကန်မှာ စင်ပေါ်တက်လို့ မရဘူးပြောလို့ သူလည်းကျန်ခဲ့တယ်။ မီးမီးခဲနဲ့ ထူးအယ်လင်းဆီ လှမ်းဆက်တယ်။ စာထွက်ထားတယ်။ NLD အောင်နိုင်ရေးမှာ သီချင်းဆိုထားလို့ ဆိုခွင့်မရှိဘူးလို့ပြောတယ်"

အလားတူ အက်ဆစ်အဖွဲ့က အဆိုတော် အနဂ္ဂနဲ့ အဆိုတော် သံသာဝင်းတို့ကိုလည်း နိုင်ငံရေးလှုပ်ရှားသူတွေရဲ့ လူမှုရေးလုပ်ငန်းတွေမှာ ရှေ့တန်းက တက်တက်ကြွကြွ ပါဝင်နေတဲ့အတွက် သူတို့သီချင်းတွေ ပါဝင်တဲ့ခွေ ဖြန့်ချိတဲ့အခါ စီစစ်ရေးအဖွဲ့က တင်းကြပ်တာခံရသလို၊ စင်ပေါ်တက် သီဆိုတာမျိုးတွေမှာလည်း အာဏာပိုင်တွေရဲ့ စောင့်ကြည့်မှု ခံနေရတယ်လို့ အနဂ္ဂက ပြောပါတယ်။