မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်က ရွှေ လုပ်သားတွေဟာ ထက်ရည်လင်းကုမ္ပဏီနဲ့ ရွှေတူးဖော်မှု လုပ်ငန်း အကျိုးတူပူးပေါင်းဆောင်ရွက်နေရာကနေ ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့က ကုမ္ပဏီဘက်က ရွှေ တူးဖော်ခွင့်ကို ပိတ်လိုက်တဲ့အတွက် ရွှေလုပ်သား ၅၀၀ ကျော်လောက်ဟာ ကုမ္ပဏီရှေ့မှာ ၂ရက်မြောက်နေ့ အဖြစ် ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
ကုမ္ပဏီဘက်က အင်းလုပ်ပိုင်ခွင့်တွေကို ပိတ်လိုက်ပြီး စည်းကမ်းချက်တွေ ထုတ်လိုက်တဲ့အတွက် ဆန္ဒထုတ်ဖော်ရတာဖြစ်တယ်လို့ ရွှေလုပ်သား ဦးဆွေက ပြောပါတယ်။
"မုဒိတာအဖွဲ့ကနေပြီးတော့ ကျနော်တို့ကို အင်းတွေကို တရားဝင်နားခိုင်းလိုက်ပါတယ်၊ အဲဒီလို နားခိုင်းပြီးတော့ စည်းကမ်းချက်တွေပါပါတယ်၊ နောက်ကျနော်တို့ ခြံစည်းရိုးကာတာကို ဖျက်သိမ်းပေး ရမယ်ပေါ့၊ ပြီးတော့ ကျောက်ကြိတ်ခုံတွေကို ၇ ရက်အတွင်း ပြင်ပကိုထုတ်ပေးရမယ်ဆိုပြီးတော့ ကျနော်တို့ကို ကြေညာပါတယ်၊ ကျောက်မှုန့်ကြိတ်တဲ့ သဲစာတွေပေါ့ သူတို့ မုဒိတာအဖွဲ့က ခွင့်ပြုချက်မရှိ ဘဲ ပြင်ပကိုမထုတ်ရဘူးလို့ တရားဝင်တားလာပါတယ်၊ အင်းတွေကို နားခိုင်းတာရယ်၊ အဲဒါတွေကြောင့်မို မကျေနပ်လို့ ကျနော်တို့ ဆန္ဒပြကြတာဖြစ်ပါတယ်"
လွန်ခဲ့တဲ့ ၁၉၉၉ ခုနှစ်ကတည်းက ထက်ရည်လင်းကုမ္ပဏီနဲ့ ရွှေလုပ်သားတွေ အကျိုးတူပူးပေါင်း ဆောင်ရွက်ခဲ့တာဖြစ် ပါတယ်။
စဉ့်ကူးမြို့နယ်မှာ အင်းပေါင်း ၃၀ ကျော်ရှိပြီး ရွှေလုပ်သားပေါင်း ၁၅၀၀ နီးပါးရှိကာ ဆန္ဒပြနေကြတဲ့ ရွှေလုပ်သား ၅၀၀ ကျော်လောက်ရှိပါတယ်။
ဆန္ဒပြကြသူတွေဟာ စဉ့်ကူးမြို့နယ် ကျည်တောက်ပေါင်ရွာ၊ နွယ်ရုံ၊ ငါးပြားပေး၊ ကျောက်ချောင်းနဲ့ ပတောက်ချပ်စတဲ့ ကျေးရွာတွေက ရွှေလုပ်သားတွေဖြစ်ပြီး ထက်ရည်လင်းကုမ္ပဏီ အလိုမရှိ၊ ရွှေလုပ်သားတွေ အလုပ်လက်မဲ့ဖြစ်အောင် လုပ်ဆောင်သူတွေ အလိုမရှိ၊ ရွှေလုပ်သားတွေ အေးချမ်းစွာ လုပ်ကိုင်နိုင်ရေးစတဲ့ အချက်တွေကို တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
ဒီအကြောင်းကို RFA သတင်းထောက် မခင်ပြည့်စုံ တင်ပြထားတာ နားဆင်နိုင်ပါတယ်။