ဦးဆောင် စီစဉ်သူတစ်ယောက်ဖြစ်တဲ့ ဦးသန်းထွန်းက သီတဂူဆရာတော်ရဲ့ တရားပွဲတွေကို ကျင်းပခွင့်ရခဲ့တဲ့အတွက် အင်မတန် ဝမ်းသာကြောင်းအခုလို ပြောပါတယ်။
"ကျနော့်ခန့်မှန်းခြေတော့ ၂၀၀၀ နဲ့အထက်မှာပဲရှိပါတယ် အဓိကကတော့သူတို့ သူများနိုင်ငံမှာ အလုပ်လုပ်ရင်းက ကြုံတောင့် ကြုံခဲ တရားပွဲနောက် ဆရာတော်ကြီးရဲ့ တရားပွဲဖြစ်တယ်။ ပြောမယ်ဆိုရင် သူတို့ဘဝအမောပြေဖို့အတွက် တရားနာတာပေါ့ ဗမာနိုင်ငံသားတွေပေါ့ အကုန်လုံး လူငယ်တွေ ရွှေလီလဲ ရွှေလီအလိုက် ကျယ်ဂေါင်လဲ ကျယ်ဂေါင်အလိုက် အကုန်လုံးက သိုင်းဝိုင်းနေတယ်ဆိုတော့ နောက်တရားနာရတဲ့လူတွေလဲ ဝမ်းသာတယ်ဆိုတော့ ကျနော်လဲ ပီတိဖြစ်တာပေါ့"
နိုဝင်ဘာ ၁၆ ရက်နေ့က ရွှေလီမြို့မှာ ကုန်သည်ပွဲစား အလုပ်သမားအလွှာပေါင်းစုံထံက အလှုငွေ သိန်း ၂၀၀ နဲ့ တရုတ်ငွေ ၆ သောင်း လောက်ရရှိပြီး ၁၇ ရက်နေ့ကျင်းပတဲ့ ကျယ်ဂေါင်တရားပွဲမှာတော့ အလှုငွေ သိန်း ၂၀၀ နဲ့ တရုတ်ငွေအချို့ရရှိတယ်လို့ သိရပါတယ်။
အဲဒီငွေတွေကို သီတဂူ ဓမ္မသဘင်အဖွဲ့အနေနဲ့ ပရဟိတလုပ်ငန်းတွေအတွက် အသုံးပြုသွားမှာဖြစ်ကြောင်း သီတဂူဆရာတော်ရဲ့ ကပ္ပိယ ဦးချိုလေးက ပြောပြပါတယ်။ တရုတ်-မြန်မာနယ်စပ်မှာ မြန်မာနိုင်ငံသား အများအပြားရောက်ရှိနေပြီး အများစုကတော့ သစ်စက်၊ ပရိဘောဂစက်ရုံနဲ့ တခြား အလုပ်မျိုးစုံက အလုပ်သမားတွေရှိသလို ကုန်သည်ပွဲစားတွေလဲ အများအပြားရှိပါတယ်။ ဆရာတော်ဟာ ရွှေလီမြို့မှာ အရာရာကို မေတ္တာနဲ့ဖြေရှင်းဖို့ တရားဟောကြားခဲ့ပြီး ကျယ်ဂေါင်မြို့မှာတော့ ငြိမ်းချမ်းရေးနဲ့ စည်းလုံးညီညွတ်ရေးတရားတွေ ဟောကြားခဲ့ပါတယ်။
