ဒီကိစ္စနဲ့ပတ်သက်ပြီး ရခိုင်လူငယ်တွေ့ဆုံပွဲ ပြန်ကြားရေးတာဝန်ခံ ကိုဇော်ထွန်းက RFA ကို အခုလို ပြောပါတယ်။
"ရခိုင်ပြည်နယ်တစ်ခုလုံးက မြို့နယ်ကိုယ်စားလှယ်တွေ အကုန်လုံး ဆွေးနွေးပြီးတော့ရလာတဲ့ အချက်အလက်တွေပေါ့၊ ကျနော်တို့ ဒါတွေကို စာတမ်းပုံစံမျိုးလေးတွေ ပြုစုပြီးတော့ အဓိက အာဏာပိုင်တွေဆီကိုလည်း တင်ပြမယ်ခင်ဗျာ"
ဒီတွေ့ဆုံပွဲမှာ နိုင်ငံရေး၊ ရခိုင်လူငယ်နဲ့ ပညာရေး၊ အလုပ်အကိုင် အခွင့်အလမ်း၊ ရခိုင်ပြည်နယ်အတွင်း ဝင်ရောက်ကျူးကျော် နေထိုင်နေသူတွေရဲ့အရေးဆိုတဲ့ အဓိက ကိစ္စရပ် (၄) ရပ်ကို ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီ ကိစ္စရပ်တွေထဲက ပညာရေးဆိုင်ရာအချက် ၂၆ ချက်၊ အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ အချက် ၂၆ ချက်၊ နိုင်ငံရေးဆိုင်ရာအချက် ၃ဝနဲ့ တရားမဝင် ကျူးကျော်နေထိုင်သူတွေ အရေးဆိုင်ရာ အချက် ၃၃ ချက်တို့ကို ဆွေးနွေးအတည်ပြုခဲ့ကြပါတယ်။ အတည်ပြုချက်တွေကို လာမယ့် ဒီဇင်ဘာလ ၁၂ ရက်နေ့၊ ရန်ကုန်မှာကျင်းပမယ့် မြန်မာနိုင်ငံ လူငယ်တွေ့ဆုံပွဲမှာ တက်ရောက်ဆွေးနွေးမယ်လို့ သိရပါတယ်။
ရခိုင်လူငယ် တွေ့ဆုံဆွေးနွေးပွဲကို ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၁၆မြို့နယ်က ကိုယ်စားလှယ်တွေ၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်က ကိုယ်စားလှယ်တွေ၊ ရန်ကုန်က ရခိုင်လူငယ်ကိုယ်စားပြု ကိုယ်စားလှယ်တွေ စုစုပေါင်း ၃ဝကျော် ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။
တစ်ဆက်တည်းမှာပဲ ရခိုင်လူငယ်တွေ့ဆုံပွဲကနေ လက်ပန်းတောင်းတောင် အရေးကိစ္စမှာ ရဟန်း သံဃာတော်တွေနဲ့ ဒေသခံပြည်သူတွေကို အာဏာပိုင်တွေက အင်အားသုံးဖြိုခွင်းခဲ့တဲ့အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်lရှုတ်ချကြောင်း သဘောထားကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့ ဝံလက် ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းရုံးမှာ ဒီဇင်ဘာလ ၁ ရက်နေ့ကနေ ၂ ရက် နေ့အထိ ၂ ရက်ကြာ ကျင်းပပြုလုပ်ခဲ့တဲ့ ရခိုင်ပြည်နယ်လုံးဆိုင်ရာ လူငယ်တွေ့ဆုံပွဲကနေ အတည်ပြု ရရှိ လာတဲ့ အချက်အလက်တွေကို အစိုးရထံ တင်ပြတောင်းဆိုသွားမယ်လို့ သိရပါတယ်။
