စစ်တွေဖြစ်ရပ်ကြောင့် နိုင်ငံ့ ဂုဏ်သိက္ခာ ထိခိုက် လို့ ကော်မရှင်ပြောကြား

0:00 / 0:00

ပြီးခဲ့တဲ့ မတ်လ ၂၆ နဲ့ ၂၇ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့မှာ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ရုံးခန်းတွေနဲ့ ဂိုဒေါင်တွေကို လူအုပ်စုတွေက တိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ်ကြောင့် နိုင်ငံတကာအလယ် မှာ မြန်မာနိုင်ငံနဲ့ တိုင်းရင်းသားတွေရဲ့ ဂုဏ်သိက္ခာ ကျဆင်းခဲ့ရကြောင်း စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဌ ဗိုလ်ချုပ် မောင်မောင်အုန်းက ဒီနေ့ ပြောကြားလိုက် ပါတယ်။

စစ်တွေမြို့ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ သတင်းထောက် တွေကိုရှင်းပြစဉ် အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။

"တရားလက်လွတ်ပေါ့နော် ကိုယ်ထိလက်ရောက် အကြမ်းဖက်တယ်ဆိုတာကတော့ ဒီမိုကရေစီ နိုင်ငံမှာတော့ မဖြစ်သင့်တဲ့ ဖြစ်ရပ်တစ်ခုပါပဲ၊ သတင်းစာထဲမှာ ပါတဲ့အတိုင်းပါပဲ ဒီဖြစ်စဉ်ကြောင့်မို့လို့ ကျနော်တို့နိုင်ငံရော ကျနော်တို့ တိုင်းရင်းသားတွေ ဟာ ဂုဏ်သိက္ခာကျဆင်းခဲ့ရတာတော့ အမှန်ပါပဲ၊ UN အဖွဲ့အစည်းတွေကို ရည်ရွယ်ပြီးလုပ်တာ မဟုတ်သော်ငြားလည်း ယနေ့ဖြစ်ပေါ်လာတဲ့ ဆုံးရှုံးမှုတွေ ပျက်စီးမှုတွေဟာ ဘာပဲပြောပြော အဲဒီအဖွဲ့ကြီးကို ရည်ရွယ်တယ်ဆိုတဲ့ နိုင်ငံတကာက ပြောဆိုတဲ့ဟာတွေကို ကျနော်တို့ရင်ဆိုင်ရပါတယ်"

မတ်လ ၂၉ နေ့က သမ္မတကဖွဲ့စည်းပေးခဲ့တဲ့ အဖွဲ့ဝင် ၅ ဦးပါ စုံစမ်းရေးကော်မရှင်က ရခိုင်ပြည်နယ်မှာ သွားရောက်စုံစမ်းခဲ့တာတွေကို နိုင်ငံတော်သမ္မတထံ တင်ပြခဲ့ပြီးနောက် တွေ့ရှိချက်တွေကို အစိုးရသတင်းစာတွေမှာ ဒီနေ့ ဖေါ်ပြခဲ့ပါတယ်။

ရခိုင်ပြည်နယ်အစိုးရအနေနဲ့ ဖြစ်စဉ်အတွင်း လျင်မြန်စွာအရေးယူဆောင်ရွက်နိုင်မှု အားနည်းတာကြောင့် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ စွမ်းဆောင်ရည်ကိုလည်း မြှင့်တင်သွားမယ်လို့ ဒီနေ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။ ဒါ့အပြင် ပြည်ထောင်စုအစိုးရက အရေးပေါ်အခြေအနေများဆိုင်ရာ အထောက်အကူပြုအဖွဲ့ကို ဖွဲ့စည်းပြီး ကူညီသွားမယ်လို့လည်း ကော်မရှင်ရဲ့အစီရင်ခံစာထဲမှာ ပါရှိပါတယ်။

မတ်လ ၂၆ နဲ့ ၂၇ရက်တွေမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ကုလသမဂ္ဂနဲ့ နိုင်ငံတကာလူမှုရေးအဖဲ့ွ ရုံး ၁၄ ရုံး၊ နေအိမ် ၁၆ လုံး ၊ သိုလှောင်ရုံ ၁၅ လုံး၊ မော်တော်ယဉ် ၁၄စီး၊ ရေယာဉ် ၂စီး၊ ဆိုင်ကယ်၂၉စီး နဲ့ ရုံးသုံးပစ္စည်း ကျပ်သန်း ၄၀၀ ကျော်ဖိုး ၊ စုစုပေါင်း ပျက်စီးဆုံးရှုံးမှု တန်ဖိုး အမေရိကန်ဒေါ်လာ လေးသိန်းသုံးသောင်းဝန်းကျင်ရှိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

စုံစမ်းရေးကော်မရှင်ရဲ့ စစ်ဆေးတွေ့ရှိချက်တွေအပေါ် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်းရဲ့ ရှင်းပြချက်တွေကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားတာ နားဆင်နိုင်ပါတယ်။