စစ်တွေမှာ ဆန္ဒပြသူနှစ်ဦး ကို ထောင် (၃) လစီ ချမှတ်

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မွတ်ဆလင် ဒုက္ခသည်တွေအတွက် တူရကီနိုင်ငံရဲ့အကူအညီနဲ့ လုံးချင်းနေအိမ်တွေ ဆောက်လုပ်ပေးမယ့် ကိစ္စကို ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့ ရခိုင်ပြည်နယ် အမျိုးသမီးကွန်ယက် ဥက္ကဌ ဒေါ်ညိုအေးနဲ့ ရခိုင်လူမှုကွန်ယက် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးကျော်ဇောဦးတို့ကို ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပါ ပုဒ်မ- ၁၈ နဲ့ စစ်တွေမြို့နယ် တရားရုံးကနေ ဒီကနေ့ ထောင်ဒဏ် ၃ လစီ ချမှတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းက မြို့ခံလူထု အတော်များများ ကန့်ကွက်ဆန္ဒပြခဲ့ကြရာမှာ အဲဒီအထဲက ဒီနှစ်ဦးကို ခေါင်းဆောင်လို့ရွေးချယ် သတ်မှတ်ပြီး ထောင်ဒဏ်တွေချမှတ်တာဖြစ်တယ်လို့ ဦးကျော်ဇောဦးရဲ့မိခင် ဒေါ်စောသိန်းတန်က RFA ကိုပြောပါတယ်။

" အမှန်က စုပေါင်းပြီးတော့ လုပ်ကြတဲ့ အလုပ်ပါ၊ ဘယ်သူ ခေါင်းဆောင်မှု အောက်မှ လိုက်ကြတယ်လို့ ဆရာမကြီး မကြားလိုက်ဘူး၊ ဒါပေမယ့် ရဲက အမှုတပ်လိုက်တဲ့ အခါမှာ ဒေါ်ညိုအေးနဲ့ သားကြီး ကျော်ဇောဦးကို ခေါင်းဆောင်ဆိုပြီး တပ်ပြီးတော့ ခွင့်ပြုမိန့်မရပဲ ဆန္ဒပြပါတယ်ဆိုပြီး တရားစွဲပြီး ထောင်ချတာပါ"

ပြီးခဲ့တဲ့ မတ်လအတွင်းက စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ တောင်ကုတ် စတဲ့မြို့တွေမှာ ထောင်နဲ့ချီတဲ့ဒေသခံတွေက နိုင်ငံသားမဟုတ်သူတွေကို နိုင်ငံသားအခွင့်အရေးမပေးဖို့၊ ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေကို အမြန်ဆုံး အကောင်အထည်ဖော်ပေးဖို့၊ တရားမဝင်နေထိုင်သူတွေကို ဥပဒေကြောင်းအရ အမြန်ဆုံး အရေးယူပေးဖို့ စတဲ့အချက်တွေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။

စစ်တွေဆန္ဒပြပွဲအတွက် ခွင့်ပြုချက်တောင်းခံခဲ့ပေမဲ့ ခွင့်မပြုခဲ့ဘူးလို့လည်း သိရပါတယ်။