ဒီတောင်းဆိုချက်နဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေးအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးမောင်လှဝင်းက RFA ကို အခုလိုပြောပါတယ်။
"ESSAR လုပ်ငန်းခွင်က ဆူညံသံကြောင့် မြို့လူထုတွေ မခံနိုင်ဘူး။ အဲဒီဆိပ်ကမ်း လုပ်နေတဲ့နေရာနဲ့ ဆေးရုံနဲ့ ကပ်ရက်ဖြစ်နေတယ်။ ဆေးရုံက လူနာတွေခံစားရတာတွေ ဘယ်လိုဖြစ်မလဲဆိုတာ ပြောပြစရာ မလိုလောက်အောင်ကို ရှင်းနေတယ်။ ကျွန်တော်တို့ အဓိက လိုချင်တဲ့ အချက်က ညလုပ်တဲ့ ကိစ္စရပ်တွေကို အတတ်နိုင်ဆုံး လျော့ချပြီး လုပ်စေချင်တယ်။ ဆူညံသံတွေ ထွက်မဲ့ကိစ္စတွေကို နေ့လည်ဘက်မှာ လုပ်စေချင်တယ်"
ဆိပ်ကမ်းလုပ်ငန်းခွင်က ထွက်လာတဲ့ အသံတုန်ခါမှုတွေ လျှော့ချပေးဖို့ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့က မြို့ခံလူထု (၁၂၀) ကျော် လက်မှတ်ရေးထိုးပြီး ဆိပ်ကမ်း အာဏာပိုင်တွေကို တင်ပြခဲ့ကြပေမဲ့ တစုံတရာ ထူးခြားမှု မရှိခြင်းကြောင်း အခုလို ESSAR ကုမ္ပဏီကို တိုက်ရိုက် တောင်းဆိုရတာ ဖြစ်ကြောင်း ဦးမောင်လှဝင်းက ပြောဆိုပါတယ်။
အခုလက်ရှိ အခြေအနေအရ စစ်တွေမြို့ပေါ်မှာ ပုဒ်မ-၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့အတွက် ဆိပ်ကမ်း တည်ဆောက်မှု လုပ်ငန်းခွင်အတွင်းက ထွက်ပေါ်လာနေတဲ့ ပိုင်ရိုက်သံတွေကြောင့် မြို့ခံလူထု အထိတ်တလန့် ဖြစ်ရကြောင်းလည်း မြို့ခံတွေက ပြောပါတယ်။
ဒါ့အပြင် စစ်တွေဆိပ်ကမ်း တည်ဆောက်မှု လုပ်ငန်းခွင်နဲ့ ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ဆိုင်ရာတွေကို လျှော့ချပေးဖို့အတွက် စစ်တွေမြို့ခံလူထုက တရားဝင် ဆန္ဒပြသွားဖို့ စီစဉ် ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။
အိန္ဒိယ-မြန်မာ ဆက်သွယ်မယ့် ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းကို ၂၀၁၀ နှစ်ကုန်ပိုင်းက စတင် တည်ဆောက်နေတာဖြစ်ပြီး အမေရိကန် ဒေါ်လာ သန်း ၁၂၀ ကုန်ကျမယ့် အဲဒီစီမံကိန်းမှာ ပါဝင်တဲ့ စစ်တွေဆိပ်ကမ်းကို လာမယ့် ၂၀၁၃ ခုနှစ်မှာ အပြီးသတ်မယ်လို့ ခန့်မှန်းထားပါတယ်။