စစ်တွေဆိပ်ကမ်း စီမံကိန်း အလုပ်သမား ဆန္ဒပြ

မြန်မာနဲ့ အိန္ဒိယနိုင်ငံတို့ ဆက်သွယ်မယ့် ကုလားတန် မြစ်ကြောင်း ဘက်စုံ ဖွံ့ဖြိုးရေး စီမံကိန်းမှာ ပါဝင်တဲ့ စစ်တွေဆိပ်ကမ်း တည်ဆောက်ရေး စီမံကိန်းမှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမား ၃၀ လောက်က လုပ်ခလစာတွေ တိုးမြှင့်ပေးဖို့နဲ့ တရားမျှတမှုရှိအောင် လုပ်ဆောင်ဖို့ သြဂုတ်လ (၈) ရက်နေ့ မွန်းလွဲ (၁) နာရီခွဲမှာ စစ်တွေဆိပ်ကမ်း လုပ်ငန်းခွင် အဝင်ဝမှာ စာရွက်တွေ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ပါတယ်။
2012-08-08
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
sittwe-worker-strike-b305
၂၀၁၂ ခုနှစ် သြဂုတ်လ ၈ ရက်က စစ်တွေဆိပ်ကမ်း တည်ဆောက်ရေး စီမံကိန်း အလုပ်သမားများ လုပ်ခလစာတွေ တိုးမြှင့်ပေးရန် ဆန္ဒပြတောင်းဆိုနေစဉ်။
RFA

အခုလို ဆန္ဒပြတောင်းဆိုတာနဲ့ ပတ်သက်ပြီး အလုပ်သမား ခေါင်းဆောင် ကိုထွန်းသိန်းက RFA ကို အခုလို ပြောပါတယ်။

"ကျွန်တော်တို့က အလုပ်လုပ်တာ တူပြီးတော့ တူညီတဲ့လစာ မရဘူး။ တချို့ကလစာ အပြည့်ရတယ်။ တချို့ကလစာ တစ်ဝက်ရတယ်။ ကျွန်တော်တို့ လစာနှုန်းတွေ တအားနည်းနေတယ်။ သူတို့နဲ့စာရင်။ ကျွန်တော်တို့က လစာတွေ တိုးမြှင့်ပေးဖို့ Supervisor တွေကို သုံးလတစ်ကြိမ် တိုးမယ်ဆိုပြီး ပြောထားတာ ကနေ့ထိ ဘာမှ မတိုးလာဘူး"

အဲဒီ စီမံကိန်းမှာ အလုပ်လုပ်နေကြတဲ့ နေ့စား အလုပ်သမားတွေ အနေနဲ့ လုပ်ငန်းခွင်အတွင်းမှာ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အခုလို ဆန္ဒပြ တောင်းဆိုရတဲ့ အချက်တွေထဲမှာ ဒီလုပ်ငန်းခွင်ဟာ အိန္ဒိယနိုင်ငံ Eassar ကုမ္ပဏီက အဓိက တာဝန်ယူ ဆောက်လုပ်ပေးနေတာ ဖြစ်ပေမယ့် ဒေသခံအလုပ်သမားတွေကို ပေးတဲ့လစာက ဒီလုပ်ငန်းခွင်မှာ အတူလုပ်နေကြတဲ့ အိန္ဒိယ နိုင်ငံသားတွေရဲ့လုပ်ခလစာနဲ့ အလွန်ကွာခြား နေတာကြောင့်လို့ ဆိုပါတယ်။

ဒါ့အပြင် လုပ်ငန်းခွင်ဝင်နေတဲ့ အချိန်မှာ အလုပ်သမား တစ်ယောက်အတွက် လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ မရှိဘဲ အခုလောလောဆယ် ရရှိရမယ့် လုပ်ခလစာကိုလည်း သြဂုတ်လ ဒုတိယပတ်ထဲကို ရောက်ရှိလာသည့် တိုင်အောင် လုပ်ခလစာတွေ မရရှိကြသေးဘူးလို့ ဆန္ဒပြ အလုပ်သမားတွေက ပြောပါတယ်။

အလုပ်သမားတွေ ဆန္ဒပြတောင်းဆိုပြီး (၁၀) မိနစ်လောက် အကြာမှာ စစ်တပ်လုံခြုံရေးတွေက ဟန့်တားကာ လူစုခွဲလိုက်ပေမယ့် ဆန္ဒပြ အလုပ်သမားတချို့က ထွက်ခွာမသွားဘဲ ဆက်လက် ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

စစ်တွေဆိပ်ကမ်းဟာ အိန္ဒိယရဲ့ အရှေ့မျှော်မူဝါဒအရ အိန္ဒိယနိုင်ငံ ကာလကတ္တားက ကုန်ပစ္စည်းတွေကို ရခိုင်ပြည်နယ် စစ်တွေဆိပ်ကမ်းက တစ်ဆင့် ကုလားတန်မြစ်ကို အသုံးချပြီး ပလက်ဝကတစ်ဆင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ဆက်သွယ် ပို့ဆောင်မှာ ဖြစ်ပါတယ်။

ဒီ စစ်တွေဆိပ်ကမ်း စီမံကိန်းကို ၂၀၁၀ နှစ်ကုန်ပိုင်းက စတင်ပြီး အမေရိကန် ဒေါ်လာ သန်း (၁၂၀) အကုန်အကျခံ တည်ဆောက်နေတာ ဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ အပြီးသတ်မယ်လို့ ခန့်မှန်းထားပါတယ်။

ကွန်မင့်များ (1)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

Kyaw Htoo Aung

Kolkata (Calcutta) is not in Bangladesh. It's in India.

Aug 09, 2012 10:23 AM