စစ်တွေမြို့က နာဇီဈေးကို စည်ပင်သာယာက ပုဂ္ဂလိလုပ်ငန်းရှင်လက်ထဲ လွဲပြောင်းပေးခဲ့ပြီးတဲ့နောက် ဈေးသူဈေးသားတွေအပေါ် အကောက်ခွန်နှုန်း ပိုပြီးကောက်ခံခဲ့တာကို မကျေမနပ်ဖြစ်ရာကနေ ဆန္ဒပြပွဲ ဖြစ်ပေါ်ခဲ့ပါတယ်။
ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့အကြား ရခိုင်လွှတ်တော်အမတ်တွေက ဝင်ရောက်ညှိနှိုင်းပေမယ့် ဖြေရှင်းလို့မရဘဲ နောက်ဆုံးမှာ လုံထိန်းတွေဘက်က အကြမ်းဖက် ဖြိုခွဲခဲ့တယ်လို့ အဓိကရုဏ်း ဖြစ်နေတဲ့နေရာကို ရောက်နေတဲ့ စစ်တွေမြို့နယ်ရဲ့အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ရခိုင်အမျိုးသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောပါတယ်။
ဒေသစံတော်ချိန် မနက် (၁) နာရီလောက်က RFA ကနေ ဒေါက်တာအေးမောင်ကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းချိန်မှာ လုံထိန်းရဲတပ်ဖွဲ့ရဲ့ ပစ်ခတ် ဖြိုခွဲသံတွေကို ကြားနေရပါတယ်။
ဆန္ဒပြပွဲ စတင်ဖြစ်ပေါ်ရတဲ့ အကြောင်းအရင်းမှာ RNDP စည်းရုံးရေးမှူးလည်းဖြစ် စစ်တွေ မြို့မ ဈေးသူ ဈေးသားတွေအရေး ဆောင်ရွက်ပေးနေတဲ့ ဦးအောင်သန်းေ၀ ပျောက်ဆုံးသွားတဲ့အတွက် ဈေးသူ ဈေးသားတွေက ရဲအာဏာပိုင်တွေအနေနဲ့ ဖြေရှင်းပေးဖို့ ရဲစခန်းကို မနေ့ညက သွားရောက် တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာ ဦးအောင်သန်းေ၀ ဘာမှမဖြစ်ဘူးလို့ လူအများသိလိုက်ပြီးတဲ့နောက် ပြန်သွားကြသူတွေရှိပေမယ့် ဈေးအခွန်အကောက်တွေ ကြီးနေတာကို ဖြေရှင်းပေးဖို့ ထပ်ပြီး ဆန္ဒပြတောင်းဆိုတာတွေ ရှိခဲ့ပြီး ဆန္ဒပြသူတွေနဲ့ ရဲတွေအကြား ရုန်းရင်းဆန်ခတ် ဖြစ်ရာကနေ လုံထိန်းတွေဘက်က အကြမ်းဖက်ဖြိုခဲ့တာဖြစ်ပါတယ်။
ဒေသစံတော်ချိန် မနက် ၂ နာရီကျော်ထိ RFA က နောက်ဆုံးစုံစမ်းရတဲ့ အချိန်ထိတော့ ပစ်ခတ်မှုတွေရှိနေပြီး သေနတ်ဒဏ်ရာရသူတွေကိုတော့ စစ်တွေဆေးရုံကို ပို့ဆောင်ထားပါတယ်။
အဓိကရုဏ်းဖြစ်တဲ့ စစ်တွေရဲစခန်းအမှတ် (၁) ကို ဒေါက်တာအေးမောင်နဲ့အတူ RNDP စစ်တွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေး ဝန်ကြီး ဦးကျော်သိန်းတို့လည်း ရောက်ရှိနေကြပါတယ်။
မအင်ကြင်းနိုင်ရဲ့ တင်ပြချက်ကို နားဆင်ပါ။
