စစ်တွေမြို့ကနေ သတင်းပေးပို့နေတဲ့ အာအက်ဖ်အေ သတင်းထောက် ဦးကျော်ကျော်အောင်က အခုလို ပြောပြပါတယ်။
"ဒီကနေ့အခြေအနေတွေခြုံပြီးပြောရမယ်ဆိုရင် ပဋိပက္ခတွေဟာ ခါတိုင်းနေ့တွေထက် သိသိသာသာလျော့နည်းသွားပြီလို့ ဆိုလို့ရပါတယ်။ မီးရှို့မှုတွေ၊ ထိခိုက်ဒဏ်ရာရသေဆုံးမှုတွေဟာ ဒီကနေ့မှာဆိုရင် မရှိသလောက်ပဲလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ အခြေအနေတွေပေါ့နော်၊ ပုံမှန်ကို ပြန်ရောက်ဖို့ ဆို ရင်တော့ တော်တော်ကြီးကို အချိန်ယူရဦးမယ်ဆိုပြီးတော့ ဒေသခံတွေအားလုံးက ဒီလိုပဲယူဆနေကြပါတယ်ခင်ဗျ"
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မြို့ခံလူထုနဲ့ လူငယ်တွေဟာ တုတ်၊ ဓား၊ လှံစတာတွေ ကိုင်ဆောင်ပြီး မြို့တွင်းမှာ လှည့်လည်သွားလာနေတာ တွေ့ရပေမယ့် ဒီကနေ့မှာတော့ မရှိသလောက် ဖြစ်နေတာ တွေ့ရတယ်လို့ ဆိုပါတယ်။ စစ်တပ်နဲ့ ရဲတပ်ဖွဲ့လုံခြုံရေးတွေလည်း အရင်နေ့တွေတုန်းကလောက် မရှိတော့တာ တွေ့ရတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီးယားနဲ့ အစိုးရ နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဌေးနဲ့အတူ စစ်တွေမြို့ကနေတဆင့် ဘူးသီးတောင်ဘက်ကို သွားရောက်တယ်လို့ သိရပါတယ်။
လက်ရှိ ရခိုင်ပြည်နယ်က အခြေအနေနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး ပြောဆိုရှင်းပြတာ မရှိသေးဘူးလို့ သိရပါတယ်။
အိုးအိမ်တွေ မီးရှို့ဖျက်ဆီးခံရသလို လုံခြုံရေးစိုးရိမ်မှုတွေကြောင့် ဘေးလွတ်ရာထွက်ပြေးရတဲ့ မြို့ခံတွေနဲ့ အနီးနားကျေးရွာက ပြည်သူလူထုတွေကို စစ်တွေမြို့တွင်း ဘုန်းကြီးကျောင်းတွေမှာ ယာယီနေရာချထားပေးပြီး ဒေသခံစေတနာရှင်ပြည်သူတွေ က လှူဒါန်းတဲ့ ရိက္ခာတွေအပြင် ရန်ကုန်မြို့က စီးပွားရေးလုပ်ငန်းရှင်တွေကလည်း လှူဒါန်းတာတွေ ရှိတယ်လို့ သိရပါတယ်။
စစ်တွေမြို့တွင်းမှာ အခြေအနေတွေ တည်ငြိမ်နေတာ တွေ့ရပေမယ့် မြို့ခံလူထုကတော့ စိုးရိမ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
စစ်တွေမြို့အခြေအနေနဲ့ ပတ်သက်ပြီး စစ်တွေမြို့မှာ ရောက်နေတဲ့ RFA အဖွဲ့သား ဦးကျော်ကျော်အောင်ကို ဦးဝင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
| ဆက်သွယ်မေးမြန်းချက်။ | |
| အသံဖိုင်ယူရန်။ |
စစ်တွေမြို့က အခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်တွေမြို့ခံတစ်ဦးဖြစ်တဲ့ ရှေ့နေ ဒေါ်အေးနုစိန်ကို ဦးကျော်ကျော်အောင်က တွေ့ဆုံမေးမြန်းထားပါတယ်။
| တွေ့ဆုံမေးမြန်းချက်။ | |
| အသံဖိုင်ယူရန်။ |