ရခိုင်ပြည်နယ် စစ်တွေမြို့ ဓညဝတီရပ်ကွက်မှာနေထိုင်တဲ့ ၈ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးကို အဓမ္မပြုကျင့်မှုနဲ့ တရားစွဲခံရတဲ့ စစ်တွေမြို့အခြေစိုက် ခမရ- ၃၅၄ တပ်ရင်းက တပ်သား နေဝင်းအောင်ကို စစ်တွေခရိုင်တရားရုံးက ပြီးခဲ့တဲ့ ကြာသပတေးနေ့က ထောင်ဒဏ် ၁ဝ နှစ် အမိန့်ချမှတ်လိုက်ပါတယ်။
အဲ့ဒီတပ်သား နေဝင်းအောင်ကို စစ်ခုံရုံးကနေ ပြီးခဲ့တဲ့နှစ်က ထောင်ဒဏ် ၁ နှစ် အမိန့်ချမှတ်ခဲ့သလို အခုအရပ်ဘက်တရားရုံးက ထောင်ဒဏ် ၁ဝ နှစ် ထပ်မံအမိန့်ချမှတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံရဲအရာရှိတွေ က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ၂၃ ရက်နေ့က စစ်တွေမြို့ ဓညဝတီရပ်ကွက်က နာတာရှည်ရောဂါ ဝေဒနာ ခံစားနေရတဲ့ အသက် ၈ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးဟာ နေအိမ်မှာ အဓမ္မပြုကျင့်ခံခဲ့ရတာဖြစ်ပြီး အဲ့ဒီ မိန်းကလေးဟာ ဆေးကုသမှုခံယူရင်း ရန်ကုန်မြို့မှာ သေဆုံးခဲ့ရပါတယ်။
၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့ကလည်း စစ်တွေမြို့ စက်ရုံစုရပ်ကွက်မှာနေထိုင်တဲ့ အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို မြောက်ဦးမြို့ ခမရ- ၃၇၈ တပ်ရင်းမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ တပ်ပြေး ကျော်ကျော်မိုးက အဓမ္မပြုကျင့်ခဲ့တဲ့အမှုအတွက် စစ်တွေခရိုင်တရားရုံးက ပုဒ်မ ၃ ခုနဲ့ ထောင်ဒဏ် ၁၅ နှစ် အမိန့်ချမှတ်ခဲ့ပါတယ်။
