စစ်တွေနဲ့တောင်ကုတ်မှာ ပုံမှန်အခြေအနေ ပြန်ရောက်

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မနေ့ ညပိုင်းက လူထုက ရဲစခန်းကို ဝိုင်းတာကြောင့် ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရသလို တောက်ကုတ်မြို့မှာ မွန်းလွဲပိုင်းကလည်း အကြမ်းဖက် သတ်ဖြတ်မှုတခု ဖြစ်ပွားခဲ့ပေမဲ့ ဒီနေ့မှာတော့ စစ်တွေမြို့နဲ့ တောင်ကုတ်မြို့မှာပါ အခြေအနေ အေးအေးဆေးဆေး ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ ညနေပိုင်းမှာ သံတွဲက ရန်ကုန်ကိုသွားတဲ့ ခရီးသည်တင်ကားကို သံတွဲ-တောင်ကုတ်လမ်းဆုံမှာ လူတစုကတားပြီး အကြမ်းဖက်သတ်ဖြတ်ခဲ့မှု ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ လူ ၁၀ ဦး သေဆုံးခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ဒီအကြမ်းဖက်မှု မဖြစ်ခင် တောင်ကုတ်မြို့မှာ လှုံ့ဆော်စာတွေ ဖြန့်ဝေတာတွေရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့က ရမ်းဗြဲမြို့နယ်၊ ကျောက်နီမှော်ကျေးရွာအုပ်စု၊ သပြေချောင်းရွာက မသီတာထွေး အဓမ္မပြုကျင့်ခံရပြီး အသတ်ခံရတာကို ဓာတ်ပုံနဲ့တကွ ဖော်ပြထားတဲ့ လက်ကမ်းလွှာတွေကို ဖြန့်ဝေသွားတာလို့ ဒေသခံတွေကပြောပါတယ်။

စစ်တွေမြို့မှာ ဒီကနေ့ ရဲစခန်းဝိုင်းတဲ့အမူနဲ့ ပတ်သက်ပြီး လူ ၉ ဦးကို ခေါ်ယူစစ်ဆေးတယ်လို့ သိရပါတယ်။ ၃ ဦးကို ပြန်လွတ်ပေးတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

စစ်တွေမြို့က အခြေအနေတွေနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ကိုအောင်မြတ်စိုးက သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။

0:00 / 0:00