အမျိုးသမီးများ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် စစ်တွေအာဏာပိုင် တားမြစ်

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အမျိုးသမီးဦးရေ ၂၀၀ လောက်က ငြိမ်းချမ်းရေးအတွက် စီတန်းလှည့်လည်ခွင့် လျှောက်ထားခဲ့ရာမှာ အဲဒီအမျိုးသမီးတွေကို အာဏာပိုင်တွေဘက်က မနေ့က ခေါ်ယူတွေ့ဆုံပြီး တားမြစ်လိုက်ပါတယ်။

2012.09.30

အဲဒီအမျိုးသမီးတွေက ဒီကနေ့ စက်တင်ဘာလ ၃၀ ရက်နေ့မှာ စီတန်းလှည့်လည်ခွင့် ရရှိဖို့အတွက် ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့က စတင်လျှောက်ထားခဲ့ပြီး မြို့နယ်ရဲစခန်းက ပုဒ်မ-၁၄၄ ညမထွက်ရအမိန့်ကို အကြောင်းပြကာ အဲဒီနေ့မှာပဲ ပယ်ချခဲ့တယ်လို့ သိရပါတယ်။

ဒါ့ကြောင့် ၂၇ ရက်နေ့မှာ ပြည်နယ်ရဲစခန်းမှူးဆီကို ဆက်လက်အယူခံ ဝင်ရောက်ခဲ့ရာမှာလည်း မနေ့ နေ့လည်ပိုင်းက အမျိုးသမီးတွေကို ခေါ်ယူတွေ့ဆုံပြီး အချိန် ၂ ပတ်ဆိုင်းငံ့ကာ ကန့်သတ်မှုတွေ ပြုလုပ်လိုက်တာ ဖြစ်တယ်လို့ ဦးဆောင်သူ အမျိုးသမီးတစ်ဦးဖြစ်တဲ့ ဒေါ်ညိုအေးက RFA ကိုပြောပါတယ်။

"အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်မတို့ဘက်က နည်းနည်းလေး ကသိကအောင့် ဖြစ်တာပေါ့လေ။ အမှန်တကယ်က ကျွန်မတို့က ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ကို ကျွန်မတို့မှာ ဒီကဥပဒေပိုင်းဆိုင်ရာ အကုန်လုံး မငြိဖို့အတွက် ပွင့်လင်းမြင်သာမှုရှိအောင် လုပ်လိုက်တာ။ အဲဒီ ၂ ပတ် အတွင်းမှာ သူတို့က ဘယ်နေ့မဆို သူတို့က အကြောင်းပြန်နိုင်တယ်ပေါ့နော်။ ကျွန်မတို့မှာ အချက်အလက်တွေ အားလုံးဟာ ပြည်ထောင်စုပြိုကွဲရေးမူ တစ်ခုမှ မပါဘူး"

အာဏာပိုင်တွေဆီကို လျှောက်ထားတဲ့အချက်တွေထဲမှာ ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေကို လိုက်နာလေးစားပါ၊ မြန်မာ့ပြည်တွင်းရေးကို OIC ဝင်မစွက်နဲ့၊ မြန်မာပြည်မှာ ဘယ်အချိန်ကမှ ရိုဟင်ဂျာမရှိ၊ မြန်မာ့အမျိုးသမီးများဘဝ လှပလုံခြုံမှုရှိပါစေ စတဲ့ စာတန်းတွေပါဝင်တဲ့ စာတန်း ၈ ခုထဲက တစ်ချို့ကိုလည်း အာဏာပိုင်တွေဘက်က ပြန်လည်ပြင်ဆင် လျှောက်ထားဖို့ ပြောဆိုခဲ့တယ်လို့ ဒေါ်ညိုအေးက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။