အမျိုးသားလွှတ်တော်မှာ ကျင်းပမယ့် အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်တဲ့ ဥပဒေမူကြမ်း ကြားနာပွဲကို ကျောင်း သားခေါင်းဆောင်တွေရဲ့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ၁၅ ဦးထဲက ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ကိုယ်စားလှယ် ၆ ဦး တက်ရောက်မှာ မဟုတ်ကြောင်းပြောပါတယ်။
ဗကသများ အဖွဲ့ချုပ် ၆ ဦးဟာ လက်ပံတန်းမြို့က သပိတ် စခန်းမှာရှိနေတဲ့အတွက် တက်ရောက်မှာမဟုတ်ဘူးလို့ ဗကသအတွင်းရေးမှူး မဖြိုးဖြိုးအောင် က ပြောပါတယ်။
"ဗကသများအဖွဲ့ချုပ် ကိုယ်စားလှယ်တွေကတော့ ကျမတို့သပိတ်စစ်ကြောင်းမှာ ပိတ်ထားတဲ့အနေ အထားဖြစ်နေတဲ့အတွက်ကြောင့် ကျောင်းသားတွေနဲ့ ကျမတို့နဲ့ အတူတူတောက်လျှောက်ရှိနေတဲ့အ တွက် နေပြည်တော်ကို အစည်းအဝေးတက်ဖို့ အနေအထားမရှိပါဘူး၊ ကျမတို့ဘက်ကမတက်နိုင်ပေမဲ့ အခြား ဘက်ခြမ်းက တက်နိုင်တယ်ဆိုရင်လဲ ကျောင်းသားကိုယ်စားလှယ်တွေနဲ့ NNER ကိုယ်စားလှယ်တွေ နောက် အခြားအစိုးရ လွှတ်တော် ကိုယ်စားလှယ်တွေ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးက ကိုယ်စားလှယ်များ သူတို့ပါဝင်တဲ့ ကြားနာခြင်းပုံစံဖြစ်ဖို့ ကျမတို့ဘက်ကတော့ အားလုံးသဘောတူညီပြီးသားဖြစ်ပါတယ်"
အမျိုးသားလွှတ်တော်မှာ မနက်ဖြန် ပြုလုပ်မယ့် ကြားနာပွဲကို ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ၁၅ ဦးထဲက တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ အဖွဲ့ဝင် (တကသ) ၉ ဦး တက်ရောက်မှာဖြစ်ပါတယ်။
ကြားနာပွဲတွေကို မနက်ဖြန် မတ်လ ၅ ရက်နေ့ကနေ ၁၅ ရက်နေ့ထိကျင်းပမှာဖြစ်ပြီး မြန်မာနိုင်ငံ ပညာရေး စနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER အဖွဲ့ဝင် ၂၀ ဦး၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းတွေ၊ အကြံပြုစာပေးပို့ထားသူ တွေ အသီးသီးတက်ရောက်မှာဖြစ်ပါတယ်။
