မိုးထိမိုးမိ ရွှေလုပ်သားတွေ လုပ်ကိုင်ခွင့်ဆုံးရှုံး

မန္တလေးတိုင်း ရမည်းသင်းခရိုင် မိုးထိမိုးမိ ရွှေတွင်းလုပ်သားတွေဟာ ရွှေတူးဖော်ရာမှာ ကုမ္ပဏီဘက်က လက်ဝါးကြီးအုပ်ချုပ်ကိုင်လာကြတဲ့အတွက် ပေါင်းလောင်း၊ တနိုင်းဘက်တွေက မိုင်းတွင်းတွေဆီ ပြောင်းရွှေ့လုပ်ကိုင်နေကြတယ်လို့ မိုးထိမိုးမိရွှေတွင်း လုပ်သားတချို့က ပြောကြပါတယ်။

မိုးထိမိုးမိရွှေတွင်းလုပ်ငန်းတွေကို ဦးဆောင်လုပ်ကိုင်နေတဲ့ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီက တစ်နိုင်တစ်ပိုင် ရွှေတူးလုပ်ကွက်ငယ်လေးတွေကို လုပ်ကိုင်ခွင့်မပြုတော့တဲ့အတွက် အခုလိုပြောင်းရွှေ့ကုန်ကြတာဖြစ်တယ်လို့ ရွှေလုပ်သား ကိုမိုးကောင်းက RFA ကိုပြောပါတယ်။

“အရင်က ခေါင်းဆောင်လုပ်ခဲ့တဲ့လူတွေက ကုမ္ပဏီက သိမ်းသွင်းလိုက်တော့ သူတို့ဘက်ကိုပါသွားတယ်၊ ပြီးတော့ ဒီမှာလုပ်စားတာလဲ သိပ်အဆင်မပြေတဲ့အခါကျတော့ပေါင်းလောင်းဘက်ရွေ့သွားတဲ့သူ၊ တနိုင်းဘက်ရွေ့သွားတဲ့လူနဲ့ လူအင်အားနည်းသလိုဖြစ်သွားတယ်၊ ဒီမှာကျန်နေတဲ့လူကျတော့လည်း မိုးမပြတ်သေးလို့ ဟိုဟိုဒီဒီရွေ့ပြီးတော့ မသွားကြသေးဘူး၊ ပွင့်လင်းရာသီရောက်တာနဲ့ အဆင်ပြေတဲ့ဆီ သွားကြမယ်ထင်တာပဲ”

အရင်က မိုးထိမိုးမိရွှေတွင်းမှာ လုပ်ကိုင်ခဲ့ကြတဲ့ လုပ်သားပေါင်း ၅ သိန်းကျော်ရှိခဲ့ကြတာပါ။ ပြီးခဲ့တဲ့သြဂုတ်လကစပြီး ရွှေပါတဲ့ဗြုန်းမြေတွေကို ကုမ္ပဏီက သူတို့ရဲ့ကြိတ်စက်ကြီးတွေမှာပဲ ကြိတ်ခွင့်ပြုတော့တဲ့အတွက် အရင်က ကြိတ်စက်ငယ်လေးတွေ ရင်းနှီးထားတဲ့ တစ်နိုင်တစ်ပိုင်လုပ်ငန်းငယ်တွေအတွက် အခက်အခဲရှိနေတဲ့အကြောင်း ရွှေတူးလုပ်သား ကိုဝင်းအောင်က ပြောပါတယ်။

အဲဒီဒေသမှာ ရွှေတွင်းလုပ်ကွက်ဇုန်ပေါင်း ၁၃ ဇုန်ရှိပြီး အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီရဲ့ လက်ခွဲရွှေတူးလုပ်ငန်းငယ်ပေါင်း ၃၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။