အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ရှမ်းပြည်နယ်အစိုးရ ဖွဲ့စည်းရေးအတွက် ကမ်းလှမ်းမှုတွေရှိလာတဲ့အခါ လက်ခံဆောင်ရွက်နိုင်ဖို့အတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်SNLD ပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်တွေ ဒီနေ့ ရန်ကုန်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရှမ်းပြည်နယ် ဝန်ကြီးချုပ်နေရာအတွက် SNLD ဘက်က ကိုယ်စားလှယ်ကို NLD ဘက်က ခန့်အပ်လိုတဲ့သူကိုသာ အမည်တပ်တောင်းခံတာမျိုး ဖြစ်နိုင်တယ်လို့ SNLD အတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်က ပြောပါတယ်။
"နာမည်စပြီးတောင်းတာတွေ ဖြစ်ကောင်းဖြစ်နိုင်တယ်၊ အဲ့ဒါကပိုဖြစ်နိုင်တယ်ထင်တယ်၊ ဒါမှမဟုတ်လည်း အဲ့ဒီ နှစ်ယောက်၊ သုံးယောက်ထဲက တစ်ယောက်ရွေးပေးပါဆိုလည်း ဖြစ်နိုင်တာပဲ၊ ကျနော်တို့လူတွေရဲ့ပရိုဖိုင်းလည်း သူတို့ထဲမှာရှိနေတာပဲလေ၊ ဒါပေမယ့် ကျနော်တို့လောက်တော့ သိမှာမဟုတ်ဘူးပေါ့နော်၊ အဲ့ဒါမျိုးတွေလည်း ရှိမှာပါ"
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အစိုးရဖွဲ့စည်းရာမှာ SNLD ကို ထည့်သွင်း စဉ်းစားမယ်ဆိုရင် ပြည်ထောင်စုအဆင့်ကိုမလိုချင်ဘဲ ပြည်နယ်အဆင့်ကိုသာ ထည့်သွင်းစဉ်းစားပေးဖို့အတွက် SNLD ဥက္ကဌ ဦးခွန်ထွန်းဦးက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ထံ ပြောထားတယ်လို့ ဦးစိုင်းညွှန့်လွင်က ပြောပါတယ်။
ရှမ်းပြည်နယ်လွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ် ၂၁ ဦး အနိုင်ရထားပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ် ၂၄ ဦး အနိုင်ရထားတာဖြစ်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတက ပြည်နယ်နဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေကို ခန့်အပ်ရာမှာ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ထဲကသာ ခန့်အပ်ခွင့်ရှိတာဖြစ်ပြီး ဝန်ကြီးတွေကို လွှတ်တော်ကိုယ်စားလှယ်ဖြစ်စေ၊ ကိုယ်စား လှယ်မဟုတ်သူတွေထဲကဖြစ်စေ ရွေးချယ်ခွင့်ရှိတာ ဖြစ်ပါတယ်။
SNLD အတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
