ဖမ်းဆီးခံ SNLD ပါတီဝင်ကို ရုံးထုတ်စစ်ဆေး

ကျိုင်းတုံမြို့မှာ ဖမ်းဆီးခံနေရတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီက ရပ်ကျေးစည်းရုံးရေးမှူး စိုင်းအိုက်ကိန်းကို မနေ့က ကျိုင်းတုံတရားရုံးမှာ မတရားသင်းဥပဒေ ပုဒ်မ ၁၇/၁ နဲ့ ရုံးထုတ်တယ်လို့ SNLD ပါတီကပြောပါတယ်။

စိုင်းအိုက်ကိန်းကို ရှမ်းလက်နက်ကိုင်တပ်ဖွဲ့နဲ့ ဆက်သွယ်တယ်ဆိုပြီး တရားစွဲဆိုတာဖြစ်တယ်လို့ SNLD ပါတီ ကျိုင်းတုံမြို့နယ် ဥက္ကဌ ဦးဆူလဖုံးက RFA ကိုပြောပါတယ်။

"ကျိုင်းတုံတရားရုံးမှာ ရုံးထုတ်တယ်၊ စွဲချက်တင်တာက ၁၇/၁ တဲ့ အခုငြိမ်းချမ်းရေးဖြစ်နေပြီလေ၊ ၁၇/၁ မရှိတော့တဲ့ဟာကို အဲဒါကိုပဲ သူတို့စွဲနေတယ်၊ သူ့မှာဘာလက်နက်မှမရှိဘူး၊ သုံးရက်လောက် ထမင်းလည်းမကျွေးဘူး၊ အရိုက်ခံရသေးတယ်"

စိုင်းအိုက်ကိန်းကို ပြီးခဲ့တဲ့ မေလ ၅ရက်နေ့က ကျိုင်းတုံမြို့နေအိမ်ကနေ ခလရ ၂၄၅ က ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။

စိုင်းအိုက်ကိန်းကို မတရားအသင်းပုဒ်မ ၁၇/၁ နဲ့ ဒုရဲမှူးကြီး ဦးကျော်ထွန်းဝင်းက တရားလိုအဖြစ်နဲ့ ကျိုင်းတုံမြို့နယ် တရားရုံမှာ အမှုတင်တာဖြစ်ပြီး တရားသူကြီးကတော့ ဒေါ်မာမာစိုး ဖြစ်တယ်လို့ သိရပါတယ်။